ကျေးရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကျေးရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမဘေးရှိ ကော်နွဲ့ကျေးရွာအတွင်းသို့ ယမန်နေ့ ညက ၉ နာရီခွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကော့ကရိတ်-မြဝတီအာရှလမ်းမဘေးတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ ၁၂ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ကော်နွဲ့ကျေးရွာတွင်းသို့ လက်နက်ကြီးကျည် ၃ လုံးပစ်ခတ်မှု ပြုလုပ်သည့်အတွက် နေအိမ်ထဲရှိ စောဝါးခို့ ၂၇နှစ်နှင့် သားဖြစ်သူကျောအယ်စေး ၅နှစ်တို့နှစ်ဦးကို ကျည်အပိုင်းအစများ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ရွာထဲကို ၃ လုံးပစ်ချလိုက်တာ။ ၃ လုံးထဲက ၂ လုံးပဲပေါက်ကွဲတယ်။ ကျည်က 60 မမ ဖြစ်ဖို့များမယ်။ စောဝါးခို့က ယာဒူးအပေါ် ပေါက်ထွက်သွားတယ်။ သူ့သားကျောအယ်စေးကတော့ ဘယ်ဘက်ဒူးပေါ်မှာပဲ မှန်တယ်။ အဖေကတော့ ဒူးပေါက်ထွက်သွားတဲ့အတွက် ဒဏ်ရာနည်းနည်း ပြင်းထန်တယ်။ ကလေးကျတော့ ကျည်စကျန်တုန်းပဲ။ အခုလောလောဆယ်ကတော့ တောနော်ဆေးရုံမှာ။ ဘယ်လိုဆက် လုပ်မလဲဆိုတာကတော့ ကျနော်လည်းမသိဘူး”ဟု ပြောသည်။

လက်ရှိ ကော့ကရိတ်-မြဝတီအာရှလမ်းမတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူထားသည့် အပြင် ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ၏ တပ်အင်အားများတိုးမြှင့်လာသဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ထို့အပြင် မတ်လ ၂၅ မှစ၍ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များ၌ သန်းခေါင်စာရင်းများ တစ်အိမ်တက်ဆင်း စစ်ဆေးနေခြင်းကြောင့် မြို့သူ၊ မြို့သားများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေကြောင်းလည်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့ကလည်း ကော့ကရိတ်-ကျိုက်ဒုံလမ်းသွား လမ်းမကြီးရှိ ရွာသစ်ကျေးရွာ ဘုန်းတေ်ကြီးသင် ပညာရေးကျောင်းရှေ့၌  နယ်ကျော်လာသည့် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ တပ်မဟာ ၆ တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ဗိုလ်မှူးအဆင့် အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးမှာ ဒဏ် ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုပြန်ကြားရေးဌာနက  သတင်းထုတ်ပြန်ခဲ့သည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...