ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးအရ အရေးကြီးသည့် ဗျူဟာကုန်း တစ်ကုန်းအပါအဝင် စစ်စခန်းကုန်းသုံးကုန်းကို သိမ်းပိုက်လိုက်ပြီဟု KIA တာဝန်ရှိသူများက အတည်ပြု ပြောသည်။
KIA က အာဏာသိမ်းစစ်ကောင်စီ၏ အလောဒ့်တောင် (Alaw Bum) စခန်းကုန်းအပါအဝင် ပိုစ့်ကုန်း သုံးကုန်းကို သိမ်းနိုင်ခဲ့သည်ဟု ရှေ့တန်းရောက် KIA စစ်တပ်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။
“လိုင်းပေါ်မှာ သတင်းတွေ တင်ထားတာမှန်ပါတယ်။ တကယ်သိမ်းလိုက်တာပါ။ မနေ့ညနေ ၅ နာရီလောက်က တည်းက တိုက်ကြတာဖြစ်တယ်။ ကျနော်တို့ဘက်က တပ်ရင်း ၂၅၊ တပ်ရင်း ၁၀နဲ့ မဟာမိတ်တပ်တွေ ပေါင်း တယ်။ အလော့ဒ်ဘွမ်က ခမရ ၃၈၇၊ အောက်က ၁၄၂ အဲ့ဒီတပ်တွေနဲ့ ဖြစ်တာဟုတ်တယ်။ တောင်မကြီးက အလော့ဒ်ဘွမ်ရယ်၊ နောက်ထပ်နှစ်ခုက မိုင်ပေါက်နဲ့ ရှန်ထုံး Post နှစ်ကိုလည်း သိမ်းလိုက်တယ်။”
တိုက်ပွဲတွင် တပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား ၃ ဦး စုစုပေါင်း ၅ ဦး လက်ရ ဖမ်းဆီးမိကြောင်း ကေအိုင်အေ အရာရှိက ပြောသည်။
ယခု KIA က သိမ်းလိုက်သည့် စစ်စခန်းကုန်းများမှာလည်း စစ်ရေးအရ အရေးကြီးသည့် ကုန်းများ ဖြစ်သည်ဟု ဆက် ပြောသည်။
“အလော့ဒ်ဘွမ်က လိုင်ဇာနဲ့မိုင်ဂျာယန်ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတဲ့ အရေးပါတဲ့ စစ်ကုန်းပါပဲ။ လိုင်ဇာ နဲ့ မိုင်ဂျာယန်ကို ဖြတ်တောက်ပေးလို့ရတာမျိုးပေါ့။ စိုးမိုးကုန်းပေါ့။ ဗျူဟာမြောက်တဲ့ကုန်းပေါ့။ စစ်ရှောင်စခန်း IDPs စခန်းတွေ ဂျေယန့်၊ ဖုန်လုန်ယန်တို့ကိုလည်း ခြိမ်းခြောက်နိုင်တဲ့နေရာတွေပေါ့၊ လှမ်းပစ် ခြိမ်းခြောက်လို့ရ တဲ့ နေရာတွေပေါ့။ လက်နက်ကြီးတွေ လှမ်းပစ်တာမျိုးလုပ်လို့ရတဲ့နေရာပေါ့။”
ကချင်လွတ်လပ်ရေးတပ်မတော် KIA က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်စခန်းများကို တစ် ပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က မနေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
၎င်းက “မနေ့က ညနေ ၅ နာရီခွဲကနေစတာ တိုက်ပွဲကတော့ ဆက်ရှိနေပါ တယ်။ ဒီမနက် လည်း အစောကြီး ပြန်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ သိပ်တော့ မဝေးဘူးပေါ့ အလော့ဒ်ဘွမ်ဆိုတဲ့ နေရာမှာ ဖြစ်တယ်။ လိုင်ဇာနဲ့ မိုင်ဂျာယာန်သွားတဲ့ လမ်းက တစ်ဝက်လောက်ရှိတဲ့ နေရာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အလော့ဒ်ဘွမ်စခန်းကုန်းအပါအဝင် အနီးအနားရှိ အာဏာသိမ်းစစ်ကောင်စီ၏ ကာကင်းတပ်စခန်းများကိုပါ KIA က တစ်ပြိုက်နက်တည်းဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက “တစ်ခြားနေရာ ဆိုတာကတော့ ဝေးတဲ့ နေရာက မဟုတ်ဘူး။ အလော့ဒ်ဘွမ်စခန်းရဲ့ အနီးအနားက ကာကင်းတွေပေါ့ အထောက်အကူပြုတဲ့ တပ်တွေအဲဒီဖက်မှာ ဖြစ်တာပါ။ တစ်ခြားနေရာက ဖြစ် တာတော့ မဟုတ်ဘူးပေါ့။ အဲက တစ်ဝိုက်ပေါ့ စစ်တိုက်တာကသိတဲ့အတိုင်း ပတ်ဝန်းကျင်မှာတော့ ကာကင်း တွေ တပ်စခန်းတွေ အများကြီးချထားတာရှိပါတယ်။ အဲဒီကိုအားလုံး တစ်ခါတည်း တိုက်ပွဲတွေ ဖြစ်တဲ့ အနေ အထားဖြစ်ပါတယ်။ တစ်ခြားနေရာမှာတော့ မဟုတ်ဘူး အဲဒီတစ်ဝိုက်လောက်ဖြစ်ပါတယ်” ဟု ပြောသည်။
ယမန်နေ့တိုက်ပွဲအတွင်း အလော့ဒ်ဘွမ်စခန်းကုန်းအပါအဝင် အနီးအနားရှိ တပ်စခန်းများကို KIA က သိမ်းပိုက် ရယူထားသည်ဟု ဆိုသည့် သတင်းကိုမူ မေးမြန်းသည့်အချိန်တွင် အတည်ပြုရရှိခြင်းမရှိသေးကြောင်း KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရသည့် အကြောင်း နှင့်ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “အကြောင်းအရင်းက ဒီလိုရှိမှာပါ။ ဒီ မတ်လ ၂၁ ရက်နေ့ကနေ နှစ်ရက် သုံးရက်လောက် ပေါ့ တပ်မတော်က ကျနော်တို့ တပ်စခန်းဆီမှာ လက်နက်ကြီးနဲ့ ပစ်တယ် သူတို့ ရန်စပြီးမှ ကျနော်တို့ကို အရင် ပစ်တာတွေ ရှိတယ်။ ကျနော်တို့ရဲ့ ဖာလမ်ဘွမ် ဆမား အဲဒီကြားက ကျနော်တို့ရဲ့ တပ်စခန်း ပို့စ်ဖက်မှာလည်း ၂၂ ရက်နေ့ည တစ်ညလုံး ဆမားဖက်ကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခဲ့တာရှိတယ်။ နောက်တစ်ခု က တော့ ၂၃ ရက်နေ့မှာလည်းပဲ ကျနော်တို့ တပ်ရင်း ၃ ဌာနချုပ်ဖြစ်နေတဲ့ ဒီဆဒုံးဖက်မှာလေ သူတို့ လက်နက်ကြီး နဲ့ ပစ်တာ ကျနော်တို့ရဲ့ တပ်စခန်းတွေကို ပစ်တာရှိတယ်။ နောက်ပြည်သူလူထုရှိတဲ့ စစ်ရှောင်စခန်းမှာလည်း သူ တို့က လက်နက်ကြီးနဲ့ ပစ်တာ အဲဒါလက်နက်ကြီး ကျည်ဆန်ကတော့ တရုတ်ပြည်ဖက်ကမ်းမှာတောင် ၂ လုံး ကျတာရှိတယ်။ ၂ လုံးပေါက်ကွဲသွားတာရှိတယ်။ ဆိုတော့ သူတို့ ဖက်ကနေ ကျနော်တို့ကို အရင်ရန်စပြီးမှ ပစ် တာ ဒါကြောင့် ကျနော်တို့လည်း ဒီဖက်ပြန်ပစ်တဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်မျတားက အဆိုပါဒေသတွင် စစ်ရေး လှုပ်ရှားမှုများ ဆက်လက်ရှိနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေသည့် အနေအထားတွင်ရှိသည်ဟု ဆိုသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အာဏာ သိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များအကြား ကချင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။







