ယခင်ပြည်နယ်အစိုးရ လက်ကျန်သိန်း ၇၀၀၀ ကျော်ကို ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက်ကူညီမည်၊ ပျက်စီးနေအိမ်စာရင်းများကို ကောက်ယူနေဟုဆို

ယခင်ပြည်နယ်အစိုးရ လက်ကျန်သိန်း ၇၀၀၀ ကျော်ကို ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက်ကူညီမည်၊ ပျက်စီးနေအိမ်စာရင်းများကို ကောက်ယူနေဟုဆို

ဆောင်းဇာခြည် — ယခင်ရခိုင်ပြည်နယ်အစိုးရလက်ထက်တွင် စစ်ဘေးရှောင်များအတွက် ရရှိထားသော အလှူငွေများထဲမှ အသုံးမပြုဘဲ ကျန်ရှိနေခဲ့သည့် ကျပ် သိန်းပေါင်း ၇၀၀၀ ကျော်ကို စစ်ဘေးရှောင်များ ပြန်လည် နေရာ ချထားရေးအတွက် အသုံးပြုသွားမည်ဖြစ်ပြီး လောလောဆယ်တွင် ပျက်စီးနေအိမ်များစာရင်းကို ကောက်ယူနေကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

“ကျွန်တော်တို့ စစ်ဘေးရှောင်တွေ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ပေးမှာပေါ့၊ အခင်းတွေ၊ အကာတွေ၊ အမိုးတွေ။ ပြီးခဲ့တဲ့အစိုးရလက်ကျန်ငွေတွေနဲ့ ပေါ့နော်။ ကောင်စီမှာ ရှိနေတာတွေက သွပ်၊ အမိုးတွေ အတွက် ရှိနေတာပေါ့။ နောက် အကာတို့ အခင်းတို့ကတော့ ကြည်း၊ ရေ၊ လေ မိသားစု လှူတဲ့အထဲက ဝယ်တာပေါ့။ နောက်အသုံးအဆောင်တွေလည်း အဲလိုပေါ့။ အခုကောင်စီမှာရှိတာရော၊ နောက်ကျန်တဲ့လိုတာကတော့ အဲဒီတုန်းက ကြည်း၊ ရေ၊ လေမိသားစု လှူထားခဲ့တဲ့ ငွေတွေက ဝယ်တာပေါ့” ဟု ပြောသည်။

ယခင် NLD အစိုးရ ဦးညီပု လက်ထက်တွင် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက ငွေ ကျပ်သိန်း ရှစ်ထောင်ကျော်ကို လှူဒါန်းခဲ့ပြီး ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ယင်းငွေကျပ်သိန်း ရှစ်ထောင်ကျော်ထဲမှ အချို့ကို  သုံးစွဲခဲ့ကာ ယခုလက်ရှိ ကျန်ခဲ့သည့် ငွေမှာ ကျပ်သိန်း ခုနှစ်ထောင်ကျော် ကျန်ရှိနေခဲ့သေးကြောင်း သူက ဆက်ပြောသည်။

“ကြည်း၊ ရေ၊ လေမိသားစုက လှူခဲ့တာ သိန်း ရှစ်ထောင်ကျော်လောက် ရှိတယ်။ NLD လက်ထက်တုန်း ကတော့ သိန်း လေး/ငါး/ခြောက်ရာလောက်ပဲ သုံးစွဲခဲ့မယ်နဲ့တူတယ်။ ကျွန်တော်က ငွေစာရင်း မကိုင်ရတော့ စာရင်းအတိအကျတော့ မသိဘူး။ အခုတော့ အဲဒီထဲက ဘယ်လောက်မှတောင် မသုံးရသေးဘူး။ အခုမှ စသုံးမှာပဲ ရှိသေးတယ်။သိန်း ခုနှစ်ထောင်ကျော်ကျန်သေးတယ်။ အများကြီး ကျန်သေးတယ်” ဟု ၄င်းက ပြောသည်။

ယင်းငွေများဖြင့် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ်များအား ပြန်လည်ဆောက်လုပ်ရန် လိုအပ်သည့် အိမ်ဆောက်ပစ္စည်းများအား ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် နေအိမ်စာရင်းများအား ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီမှ ကောက်ယူလျှက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရွှေလှအောင်က “ ဘူးသီးတောင် မြို့နယ်မှာတော့ တိုက်ပွဲ အတွင်း ပျက်စီးသွားတဲ့ အိမ်ခြေစာရင်းတွေကို ကောက်ယူနေပါတယ်။ ပျက်စီးသွားတဲ့ အိမ်က ၄၀၀ နီးပါးရှိပါတယ်။ စာရင်းအတိအကျဆိုတော့ ၃၉၀ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာ ကာလအတွင်း မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်နှင့် လက်နက်ကျည်ကျ၍ ပျက်စီးသွားသည့် နေအိမ် အလုံးပေါင်း နှစ်ထောင်ခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...