သဲချောင်း မူဆလင်ဒုက္ခသည်စခန်းတွင် အစားအစာ အကူအညီလိုအပ်နေ

သဲချောင်း မူဆလင်ဒုက္ခသည်စခန်းတွင် အစားအစာ အကူအညီလိုအပ်နေ

စစ်တွေမြို့ရှိ သဲချောင်းမူဆလင်ဒုက္ခသည်စခန်းတွင် အလုပ်အကိုင်ရှားပါးသည့်အတွက် စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေပြီး လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းမှာရှိသည့် အဖွဲ့အစည်းများ၏ အကူအညီများ လိုအပ်နေသည်ဟု ဒုက္ခသည်များက DMG ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက်တွင်  ဒုက္ခသည်များကို ထောက်ပံ့ပေးနေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ငွေထောက်ပံ့ပေးမှုများ နောက်ကျ၍ ဒုက္ခသည်များ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့ရသည်ဟု ဒုက္ခသည်စခန်းကော်မတီဝင် ဦးလှသိန်းက ပြောသည်။

“စားဝတ်နေရေး အခက်အခဲတွေဖြစ်တယ်။ ဒုက္ခသည်တွေက အဲဒီ WFP အဖွဲ့အစည်းကို မှီခိုပြီး စားသောက်နေရတာ။ ထောက်ပံ့ပေးမှုတွေနောက်ကျတော့ ကိုယ်ထမင်းစားချင်တဲ့အချိန်မှာ မစားရဘူး။ ပိုက်ဆံမရှိတဲ့ သူတွေဆိုရင် ချေးငှားပြီးသုံးရတယ်။ အဲဒီလိုပဲ အခက်အခဲတွေ အများကြီးရှိတယ်” ဟု ပြောသည်။

WFP က လူတစ်ဦးကို တစ်လလျှင် ၁၅၀၀၀ ကျပ်စီဖြင့် ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ ပေးမှုမှာလည်း နေ့စဉ်စားစရိတ်နှင့် အသုံးစရိတ်များအတွက် ဖူလုံမှုမရှိဟု ဒုက္ခသည်များကပြောသည်။

“တစ်ရက်မှာ လူတစ်ယောက် ငွေ ၅၀၀ ရတာဆိုတော့ ကလေးတွေမုန့်စားမယ့်စရိတ်တောင် မလောက်ဘူးဖြစ်နေတယ်။ နောက်ပြီး အဲဒီငွေထဲကပဲ စားသောက်ရတယ်။ ကလေးတွေကို ကျောင်းထားရတယ်။ ကျန်းမာရေးမကောင်းရင် ဆေးခန်းပြရတယ်။ ငွေရေးကြေးရေးက တော်တော်အခက်အခဲဖြစ်တယ်” ဟု ဒုက္ခသည် မာမောက်အီဇုက ပြောသည်။

ယင်းအပြင် ကျန်းမာရေးမကောင်းဖြစ်လျှင် စစ်တွေသို့ ဆေးခန်းပြရန် သွားနေရသည့်အတွက် သွားလာရေးအပိုင်းတွင် လွတ်လပ်စွာသွားလာခွင့်ရရှိရေး ကောင်စီကိုတောင်းဆိုလိုကြောင်း ဦးလှသိန်းက ပြောသည်။

“ကျနော်တို့က ပုံမှန်သွားလာလို့ရရှိအောင် လက်ရှိအစိုးရသစ်ကို တောင်းဆိုချင်တယ်။ ဗြုန်းစားကြီး ရောဂါဖြစ်တယ်ဆိုရင် စစ်တွေမြို့မှာရှိတဲ့ ဆေးခန်းတွေကို သွားပြီးပြလို့မရဘူး။ အတားအဆီးတွေရှိပါတယ်။ အဲဒါကို ပုံမှန်ဖြစ်သွားအောင် အတားအဆီးတွေမရှိရအောင် လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

ထိုသို့ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် လက်ရှိကောင်စီနှင့် အခြားသော INGO ၊ NGO အဖွဲ့အစည်းများက လာရောက် အကူအညီပေးစေလိုကြောင်း  ဒုက္ခသည် ဦးကျော်လှက ပြောသည်။

“ကျနော်တို့ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက တော်တော်ကိုနည်းပါတယ်။ WFP တစ်ခုတည်းက ကူညီလို့လည်း တော်တော်လေး အခက်အခဲကြုံရတယ်။ မလုံလောက်တဲ့ အတွက်ပေါ့။ ဒါကြောင့် ဒိန်းမတ် NGO တွေ ဖက်ကရော၊ လက်ရှိ နိုင်ငံတော်အစိုးရအသစ်တွေကပါ အဖက်ဖက်မှ အကူအညီပေးစေဖို့ တောင်းဆို ချင်ပါတယ်” ဟု ဆိုသည်။

သဲချောင်းဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၂၂၇၀ ကျော်နှင့် လူဦးရေ ၁၂၉၄၆ ဦးရှိကာ လက်ရှိ ဒုက္ခသည်စခန်းမြေနေရာကိုလည်း ငှားရမ်းအသုံးပြုနေရသည်ဟု သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...