ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးနှင့် ဝန်းရံကျောင်းသားတစ်ဦးကို မှုခင်းစီမံခန့်ခွဲမှုပြုလုပ် ၊ လာမည့် ဧပြီလ ၂ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးနှင့် ဝန်းရံကျောင်းသားတစ်ဦးကို မှုခင်းစီမံခန့်ခွဲမှုပြုလုပ် ၊ လာမည့် ဧပြီလ ၂ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

ဇော်ဝင်းဌေး — ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ဦးနှင့် ဝန်းရံ (ဝိုင်းရန်)ကျောင်းသားတစ်ဦးတို့ကို ယနေ့တွင် ရုံးထုတ်ရန် ရှိသော်လည်း ရုံးမထုတ်ဘဲ  စစ်တွေမြို့နယ်၊ တရားရုံး၌ ပုံမှန်အတိုင်း မှုခင်းစီမံခန့်ခွဲမှု( CMP) ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၄င်းတို့မှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်၊ ကိုတိုးတိုးအောင်နှင့် ဝန်းရံ ကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ-ရန်ကုန်)တို့ဖြစ်ကြသည်။

ယနေ့ နံနက် (၁၁) နာရီခန့်က စစ်တွေမြို့နယ် တရားရုံး၌ မှုခင်းစီမံမှု (CMP) ပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ( ၂) ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

“ဒီနေ့က အမှုကို ရှေ့ဆက်လက် ဘယ်လိုစစ်မလဲဆိုတာ မှုခင်းစီမံမှု လုပ်တယ်။ နှစ်ပတ်ချိန်းတယ်။ နောက်နှစ်ပတ်အကြာမှာ စစ်ဆေးမယ်။ ကိုဗစ်ကြောင့် ကြန့်ကြာနေတာပါ။ နောက်နှစ်ပတ်ကျရင် ဘေးစီမံရော၊ ၆၆ (ဃ)ရော၊ အားလုံးကို စစ်ဆေးမယ်”ဟု ၎င်းက ပြောသည်။

ကိုဗစ်ကြောင့် ရုံးချိန်များ မကြာမကြာ ရပ်နားခဲ့ရသည့်အတွက် တရားစွဲဆိုခံထားရသည့် ကျောင်းသားများဘက်မှ နစ်နာကြောင်း ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ဗဟိုပြန်ကြားရေး ကိုမင်းစိုးလှိုင်က နိရဉ္စရာသို့ ပြောသည်။

“ဒီလိုမျိုး ကြန့်ကြာနေတော့ ကျောင်းသားတွေဘက်က နစ်နာတာပေါ့။ ဒါကြောင့်မို့ အမှုကိုမြန်မြန် ပြီးပြတ်စေချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂ( တက္ကသိုလ်များ-ရန်ကုန်) ကိုကောင်းထွန်းတို့ လေးဦးမှာ အောက်တိုဘာလ ၁၉ ရက် နေ့လည်ပိုင်းက စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့်အတူ အစိုးရအလိုမရှိ၊ နယ်ချဲ့စစ်တပ်အလို၊ တပ်မတော်နှင့် ရခိုင်ပြည်နယ် အစိုးရကို အလိုမရှိကြောင်း ပိုစတာဗီနှိုင်းများကို ကိုင်ဆောင်၍ ချီတက်   ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သောကြောင့် ငြိမ်းစုပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့အပြင် ဘေးစီမံဥပဒေပုဒ်မ၂၉ တို့ဖြင့် သဘဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးအောင်ဇံဝေက တရားလိုပြုလုပ် စွဲဆိုထားခြင်းဖြစ်သည်။

၎င်းအပြင် ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် ၂၀၂၀ ခုနှစ် စက်တင်ဘာလ အတွင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် အစိုးရရုံးရှေ့၌ ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆို ခံထားရကြောင်းလည်း သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...