ရခိုင်ရှိ Wave Money ဆိုင်အချို့တွင် ဝန်ဆောင်ခငွေ ပိုမိုတောင်းခံနေ

ရခိုင်ရှိ Wave Money ဆိုင်အချို့တွင် ဝန်ဆောင်ခငွေ ပိုမိုတောင်းခံနေ

ရခိုင်ပြည်နယ်ရှိ Wave Money ဆိုင်အချို့တွင် ငွေလွှဲခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံနေကြောင်း ငွေလွှဲသူများက DMG သို့ ပြောဆိုကြသည်။

အင်တာနက်မရ၊ ဘဏ်မဖွင့် အကြောင်းပြချက်ဖြင့် Wave Money ငွေလွှဲအေဂျင်စီများသည် သတ်မှတ်ဈေးနှုန်းထက် ငွေလွှဲခ အပိုတောင်းခံနေကြောင်း အမည်မဖော်လိုသည့် မြောက်ဦးမြို့ဒေသခံတစ်ဦးက ပြောသည်။

“အရင်တုန်းကတော့ အင်တာနက်တွေ အဖြတ်ခံခဲ့ရတုန်းက အင်တာနက် မရတဲ့အတွက် ဝန်ဆောင်ခဆိုပြီး ငွေငါးသောင်းလောက်ကို  ငါးရာတစ်ထောင်အထိ ပေးခဲ့ရတယ်။ ဒါပေမယ့် အခုထိ ဒါတွေကို ဆက်ပေးနေရတုန်းပဲ” ဟု ပြောသည်။

DMG ၏ စုံစမ်းမေးမြန်းချက်အရ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မင်းပြားနှင့် မောင်တော မြို့နယ်တို့တွင် ငွေလွှဲဝန်ဆောင်ခ ပိုမိုပေးနေရပြီး အလားတူ ကျန်မြို့နယ်အချို့တွင်လည်း ပေးနေရသည်။

ငွေလွှဲပမာဏအပေါ်လိုက်၍ သတ်မှတ်ဈေးနှုန်းထက် အပိုပေးနေရကြောင်း ရမ်းဗြဲဒေသခံ ကိုခန့်ဌေက ဆိုသည်။

“ရမ်းဗြဲမြို့မှာဆိုရင် တစ်ဆိုင်ကလွဲပြီး ကျန်တဲ့ဆိုင်တွေ အကုန်ပေးရတယ်။ ကျောက်ဖြူမှာတော့ တစ်ဆိုင်မှ မပေးရဘူး။ အေးဂျင့်ဆီကတစ်ဆင့်ခံယူတဲ့ ဆိုင်တွေအမှန်သမျှက ဝန်ဆောင်ခဆိုပြီး သပ်သပ်ပေးနေရ တာတွေရှိတယ်” ဟု ဆိုသည်။

Wave Money ၏ ငွေလွှဲဝန်ဆောင်ခ သတ်မှတ်ဈေးနှုန်းမှာ ငွေကျပ် ၁ - ၁၀၀၀၀ ကို ဝန်ဆောင်ခ ၄၀၀ ကျပ်၊ ၁၀၀၀၁ - ၂၅၀၀၀ ကို ဝန်ဆောင်ခ ၇၀၀ ကျပ်၊ ၂၅၀၀၁ - ၅၀၀၀၀ ကို ဝန်ဆောင်ခ ၁၀၀၀ ကျပ်၊ ၅၀၀၀၁ - ၁၀၀၀၀၀ ကို ဝန်ဆောင်ခ ၁၅၀၀ ကျပ်၊ ၁၀၀၀၀၁ - ၁၅၀၀၀၀ ကို ဝန်ဆောင်ခ ၂၀၀၀ ကျပ်၊ ၁၅၀၀၀၁ - ၂၀၀၀၀၀ ကို ဝန်ဆောင်ခ ၂၅၀၀ ကျပ်၊ ၂၀၀၀၀၁ - ၃၀၀၀၀၀ ကို ဝန်ဆောင်ခ ၃၀၀၀ ကျပ်၊ ၃၀၀၀၀၁ - ၄၀၀၀၀၀ ကို ဝန်ဆောင်ခ ၄၀၀၀ ကျပ်၊ ၄၀၀၀၀၁ - ၅၀၀၀၀၀ ကို ဝန်ဆောင်ခ ၄၅၀၀ ကျပ် တို့ ဖြစ်သည်။

သို့သော်လည်း အထက်ဖော်ပြပါ သတ်မှတ်ဈေးနှုန်းများအတိုင်း Wave Money အေဂျင်စီများမှာ ကောက်ခံခြင်း မရှိဘဲ ငွေကျပ် ၅၀၀၀၀ ကို လွှဲပါက သတ်မှတ်ဈေးနှုန်း ဝန်ဆောင်ခ ၁၀၀၀ ကျပ်မဟုတ်ဘဲ ၂၀၀၀ ကျပ်ပေးရကြောင်း ကျောက်ဖြူဒေသခံ ကိုအောင်လင်းစိုးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငွေလွှဲသူများအနေဖြင့် မကျေနပ်မှုများကို တိုင်တန်းလိုပါက တိုင်ကြားနိုင်ပြီး 0979009000 ဖုန်းနံပါတ်ကို ဖုန်းဆက်တိုင်ကြားကာ ဝန်ဆောင်ခအပိုတောင်းခံနေသည့် ဆိုင်လိပ်စာကို အပြည့်အစုံ ပြောကြားရမည်ဟု Wave Money Service Center မှ DMG သို့ ဖြေကြားခဲ့သည်။

ယခုထက် ပိုမိုသေချာစေရန်နှင့် ဝန်ဆောင်ခ အပိုတောင်းခံနေသည့်ကိစ္စ ဖြေရှင်းဆောင်ရွက်ရေးကို မေးမြန်ရန် Wave Money ကုမ္ပဏီ၏ တာဝန်ရှိသူထံ DMG က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမရှိခဲ့ပေ။

စာချုပ်စည်းမျည်းစည်းကမ်းများဖြင့် မကိုက်ညီသည့်ဆိုင်များကို တိုင်ကြားပါက အေဂျင်စီအသိအမှတ်ပြု လက်မှတ်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်ဟု စစ်တွေမြို့ရှိ အမည်မဖော်လိုသည့် အေဂျင်စီတစ်ဦးက ပြောသည်။

ငွေကြေးခဝါချမှုနှင့် ငွေကြေးအလွဲသုံးစား ပြုမူဆောင်ရွက်ချက်များကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့လည်း တိုင်ကြားနိုင်ကြောင်း ကျောက်ဖြူခရိုင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘဏ်များပြန်လည် ဖွင့်လှစ်နေသော်လည်း နယ်ကျေးရွာများမှ ပြည်သူများမှာ Wave Money ကို အဓိကထား အသုံးပြုလျက်ရှိသည်။

Wave Money ၏ ၂၀၁၉ ဇူလိုင်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အေးဂျင့်ကော်မရှင်အဖြစ် ကန်ဒေါ်လာ ၁၅ သန်းကို ပေးအပ်ခဲ့ကြောင်းနှင့် သုံးစွဲသူများကို ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ လွှဲပြောင်းနိုင်ခဲ့သည်။  

Wave Money ကုမ္ပဏီသည် Telenor ၊ FMI ၊ ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည့် Yoma Strategic Holdings တို့ဖြင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ၂၉၃ မြို့နယ်တွင် ကိုယ်စားလှယ်အေးဂျင့်ပေါင်း ၄၅၀၀၀ ရှိပြီး မြန်မာနိုင်ငံ ကျေးလက်ဒေသ၏ ၈၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...