BNI Duty
Attachments2:16 PM (1 hour ago)တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က မတရားသင်းအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းသည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် အလားအလာကောင်းများ ဖြစ်စေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူအချို့က သုံးသပ်သည်။
အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်း ဥပဒေအဟန့်အတားများ မရှိတော့သည့်အတွက် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့များ၊ ပြည်သူများနှင့် CRPH တို့၏ ဖက်ဒရယ် တပ်မတော်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး ဆွေးနွေးမှုမှာ ပိုမိုအားကောင်း လွယ်ကူလာနိုင်သည်ဟု ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီ စင် တာ၏ Program Director နိုင်ဗညားမွန်က ပြောသည်။
“ယေဘုယျအနေနဲ့က ကျနော်မြင်တာက ဒါက အကောင်းဖက်ကို ဦးတည်နိုင်တဲ့ဦးတည်သွား တဲ့ ခြေလှမ်း တစ်ရပ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ကျနော်တို့ သွားတဲ့ ဖက်ဒရယ် ပြည်ထောင်စု အတွက်သော်လည်းကောင်း နောက်ထပ်ပြောဆိုနေတဲ့ ဖက်ဒရယ်တပ်မတော် တည် ဆောက်ရေးအတွက် သူတို့ ဆွေးနွေးမှုတွေက အခုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်က သူတို့ဆွေးနွေးမှု အပေါ်မှာ ဖြစ်ရှိနေတဲ့ ဥပဒေက အဲဒီပုံစံမျိုးကို ပယ်ဖျက်လိုက်တဲ့အခါကျတော့ ဆွေးနွေးမှုက ပိုပြီးတော့ လွယ်ကူ လိမ့် မယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျနော်အမြင်က ပိုပြီးတော့ အထောက်အကူဖြစ်မယ်လို့ ကျနော်ယူဆပါ တယ်” ဟု ပြောသည်။
မတ်လ ၁၇ ရက်နေ့ (ယမန်နေ့) က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို CRPH မှ အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းများအဖြစ်မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာ လိုက် သည့်အပေါ် နိုင်ဗညားမွန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
CRPH ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း KIO ဗဟိုကော်မတီ၏ သဘောထားကို ကိုယ်စားပြု၍ ပြောဆိုခြင်းမျိုး မဟုတ်ပဲ ၎င်းတစ်ဦးတည်း၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။
၎င်းက “ဖက်ဒရယ် ပြည်ထောင်စု ဖက်ဒရယ် Army တည်ဆောက်ဖို့ အားလုံးကလည်း ပြည်သူလူထုလက်မှာပဲ ရှိပါတယ်။ စည်းလုံးပြီးမှ အားလုံးပါဝင် ဆောင်ရွက်နေတဲ့ မူပိုင်းပေါ်လစီတွေ ချမှတ်ပြီးမှ အားလုံး တစ်ညီ တစ်ညွှတ်တည်း လုပ်ဆောင်လို့ရှိရင်တော့ ဖြစ်လာမှာပါ။ ဒါမှမဟုတ်လို့ရှိရင်တော့ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ တည်ဆောက်ဖို့ဟာလည်း အခက်အခဲတွေ အဟန့်အတားတွေတော့ အများကြီးရှိမှာ ပါ။ ကျနော်အဲလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။
CRPH ၏ ထုတ်ပြန်ချက်ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးသည် တရားမဝင် အဖွဲ့အစည်းများမှ တရားဝင် အဖွဲ့အစည်းများ ဖြစ်လာသည့်အတွက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ များ၏ ထိတွေ့ဆက်ဆံမှုမှာ ယခင်ကထက် ပို၍ နီးစပ်လာနိုင်သည်ဟု ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီ စင်တာ၏ Program Director က ဆိုသည်။
နိုင်ဗညားမွန်က “ဟိုအရင်က ချ မှတ်ထားတဲ့ ပုဒ်မ ၁၇/၁ အရ ဖမ်းဆီးအရေးယူမှုကို တရားဝင်ဆက်ဆံမှု ရ သွားတဲ့ အနေအထားမျိုးကို ဖြစ်သွား တယ်ပေါ့။ ဒါက ပူးပေါင်းဆောင်ရွက်မှုက ကြားထဲမှာ ဖြစ်ရှိနေတဲ့ အဟန့် အတားတွေကို ပယ်ဖျက်သွားတဲ့ သဘောဖြစ်တဲ့အခါကျနော့် CRPH အနေနဲ့သော်လည်းကောင်း ပြည်သူအနေ နဲ့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ လွယ်ကူ လာလိမ့်မယ်။ ပိုပြီးတော့ နီးစပ်လာလိမ့်မယ် အဲဒီပုံစံမျိုး ကျနော်သုံးသပ်ရပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ ခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ထုတ်ပြန်ကြေ ညာထားသည်။
နိုင်ဗညားမွန်က “ကျနော်တို့က ဘုံလုပ်ငန်း စဉ်တွေ ဘယ်လိုချမှတ်မလဲ အဲဒါအပါ်မှာ မူတည်ပါလိမ့်မယ်။ CRPH ကတော့ သူလုပ်ဆောင်ရမယ့် လုပ်ငန်း တွေ သူလုပ်ဆောင်ပေးဖို့ လိုသလို တိုင်းရင်းသား ဖက်ကလည်း ပူး ပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်း တွေ ပါဝင်နိုင်မှသာလျှင် အခုန ကျနော်တို့ ပြောတဲ့ ဘုံရည်မှန်းချက်ကို ကျနော်တို့က အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။တစ်ဖက်တော့ ကျနော်တို့ တစ်ဖက်တည်းဖော်ဆောင် မယ် ဆိုတဲ့ဟာက ကျနော်ထင်တယ် အားလုံး ၂ ဖက်စလုံးပူးပေါင်းဆောင်ရွက်မှုက ပိုပြီး ထိရောက်မယ်လို့ အဲ လိုပဲ ကျနော်သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များသာ မက ဗမာတိုင်းရင်းသား လူမျိုးစုများပါ အာဏာရှင်ဖြုတ်ချရေးကို အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်မည်ဆို ပါက ရည်မှန်းထားသည့် ပန်းတိုင်ကို ရောက်ရှိနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ ကလည်း ၎င်း၏ အမြင်ကို ပြော သည်။
၎င်းက “ကျနော်တို့ တိုင်းရင်း သားတွေက လက်နက်ကိုင်ပြီးတော့ တော်လှန်တာ နှစ်ပေါင်း ခြောက်ဆယ် ခုနှစ် ဆယ်ရှိပါပြီ တစ်ချို့ ဗမာ ပြည်သူလူထုတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီးမှ တော် လှန်တာကို နားမလည်တဲ့ဟာတွေလည်း အများကြီးရှိခဲ့ပါတယ်။ အခုလည်း ဆက်ပြီးတော့ ဗမာပြည်သူ လူထု တွေ ကိုယ်တိုင် အားလုံးပါဝင် လုပ်ဆောင်လို့ဆိုရင်တော့ ဒီစစ်အာဏာရှင် ဖြုတ်ချရေးကတော့ အောင်မြင်မှာပါ။ သူတို့မ ပါလို့ရှိရင်တော့ အာဏာရှင်ဖြုတ်ချရေးကတော့ အောင်မြင်မှာ မဟုတ်ဘူး ဆိုတော့ CRPH အနေနဲ့ လည်း မြန်မာနိုင်ငံ တစ်ခုလုံးမှာ ရှိတဲ့ ပြည်သူလူထုအားလုံးကို ဦးဆောင်ပြီးမှ အားလုံး ပါဝင်နိုင်တဲ့ မူဝါဒတွေ ချမှတ်ပြီးမှ လှုပ်ရှားလို့ရှိရင်တော့ ဒါကတော့ တကယ် အောင်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်က အဲလိုပဲ သုံးသပ် ထားပါတယ်” ဟုပြောသည်။
CRPH ၏ မတ်လ ၁၇ ရက်နေ့ (ယမန်နေ့) ထုတ်ပြန်ချက်ထဲတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့် အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး အရေးယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်း ဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည် ဟု ဆိုသည်။
CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချ မှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြု ပါ သည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
ထို့အပြင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့ လှုပ် ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတ ရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ် မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည် CRPH က ပြောသည်။







