တိမ်ညိုစစ်ဘေးရှောင်စခန်း မီးလောင်မှု လူနေအိမ် ၇၀၀ခန့် ဆုံးရှုံး၊ လူပေါင်း ၂၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

တိမ်ညိုစစ်ဘေးရှောင်စခန်း မီးလောင်မှု လူနေအိမ် ၇၀၀ခန့် ဆုံးရှုံး၊ လူပေါင်း ၂၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
ဓာတ်ပုံ- ပြည်နယ်မီးသတ်
ဓာတ်ပုံ- ပြည်နယ်မီးသတ်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ယမန်နေ့ ည ၈ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်အလုံးပေါင်း ၇၀၀ ခန့် ဆုံးရှုံးသွားပြီး လူပေါင်း ၂၇၀၀ ကျော် မီးဘေးသင့်ခဲ့သည်ဟု သိရသည်။

တိမ်ညို စစ်ဘေးရှောင် စခန်းတွင် တဲအိမ် ၈၇၅ အိမ် ရှိပြီး ယင်းအထဲမှ ၇၀၀ မီးထဲပါသွားကြောင်း စခန်းတာဝန်ခံ ဦးမောင်ငန်းက ပြောသည်။

“ ခန့်မှန်းခြေအားဖြင့်တော့ အိမ်ခြေ ၇၀၀ လောက်ပါသွားတယ်။ မီးတော့ ၈ နာရီမှာ စလောင်ပြီး ည ၁၀ နာရီကျော် လောက်မှာ ငြိမ်းသွားပါတယ်။ လူတွေကတော့ မနေ့ညကတော့ လမ်းဘေးမှာပဲ တာပေါ်လင်စတွေ ခင်းပြီးတော့  အိပ်ကြရတယ်။ အခုတော့ တိမ်ညိုရွာသစ် ဘုန်းကြီးကျောင်းကို သွားပြီးတော့ နေကြတယ်။” ဟုပြောသည်။

လူပေါင်း ၂၇၁၆ ဦး (ကျား ၁၂၀၈၊ မ ၁၅၀၈) ခန့် မီးဘေးဒုက္ခသည် ဖြစ်သွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မီးလောင်မှုမှာ ဖယောင်းတိုင်မီးမှ တဆင့် လောင်းကျွမ်းခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့၊ မီးသတ်စခန်းမှ တပ်ကြပ်ကြီး ဦးမျိုးမြတ်ထွန်းက ပြောသည်။

“ ပစ္စည်းတန်ဖိုးဆုံးရှုံးမှုကတော့ ၂၈ သန်းရှိပါတယ်။ မီးစလောင်တာကတော့ ဖယောင်းတိုင်မီး လဲကျပြီးတော့ အနီးအနားက ထရံကို မီးကူးစက်မှုဖြစ်ပြီးတော့ လောင်ကျွမ်းသွားတာပါ။ မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင်ကိုတော့ မြောက်ဦးရဲစခန်းမှာ အမှုဖွင့်လို့ရှိပါတယ်။ မီးစတင်လောင်ကျွမ်းတာကတော့ မဖြူနှင်းစိုး အိမ်က စတင်လောင်ကျွမ်းတာပါ” ဟုပြောသည်။

မီးလောင်မှုကြောင့် မမိုးနှင်းစိုး အသက် (၂) နှစ်မှာ နဖူးတွင် ဒဏ်ရာရရှိခဲ့ပြီး၊ မသိန်းမေ (၂၃) နှစ်တွင် ဘယ်ဖက်လက်တို့တွင် မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ခန့် ရရှိသွားသည်ဟု သူကဆက်ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သကန်၊ ဘူးရွက်မညှိုး၊ စသည့်ကျေးရွာတို့မှ စစ်ဘေးသင့် ဒုက္ခသည်များနေထိုင်ကြပြီး၊ လူဦးရေ (၃၃၅၅) ဦးရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...