စစ်တွေဆေးရုံတွင် ဆရာဝန် (၂၀) ကျော် အလုပ်မဆင်း၍ လူနာများအခက်တွေ့နေ

စစ်တွေဆေးရုံတွင် ဆရာဝန် (၂၀) ကျော် အလုပ်မဆင်း၍ လူနာများအခက်တွေ့နေ

ထွန်းခိုင် — ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့၊ ပြည်သူ့ဆေးရုံးကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန် (၂၀) ကျော်ခန့် အလုပ်အဆင်းသဖြင့် လူနာများမှာ ဆေးကုသရန်အခက်အခဲကြုံတွေ့ နေရကြောင်း သိရှိရသည်။

အလုပ်မဆင်းသော ဆရာဝန်များမှာ ခွဲစိပ်လက်ထောက်ဆရာဝန် (၁) ဦး၊ သားဖွားမီးယပ်လက်ထောက်ဆရာဝန် (၁) ဦး၊ အထူးကုသမားတော်ကြီးတစ်ဦး (၁) ဦး၊ မျက်စိလက်ထောက်ဆရာဝန် (၁) ဦး၊ ဓာတ်မှန်လက်ထောက်ဆရာဝန် (၁) ဦး၊ စိတ်အထူးကုဆရာဝန် (၁) ဦး၊ အရေပြားအထူးကုဆရာဝန် (၁) ဦး၊ သွားအထူးကုဆရာဝန် (၁) ဦး၊ ရောဂါဗေဒအထူးကုဆရာဝန် (၁) ဦး၊ အရိုးအထူးကု ဆရာဝန် (၂) ဦး အပါအဝင် လက်ထောက်ဆရာဝန် (၂၀) ကျော်ခန့် အလုပ်အဆင်းကြဟု အမည်မဖော်လိုသော ဆေးရုံဝန်ထမ်းတစ်ဦးကပြောသည်။

၄င်းတို့အထဲမှ စိတ်ကျန်းမာရေးလူနာများ၊ အရေပြားအထူးကုလူနာများနှင့် အရိုးအထူးကုလူနာများအတွက် အစားထိုးကုသရန် ဆရာဝန်များမရှိတော့သဖြင့် ၄င်းလူနာများမှာ ပိုမိုအခက်အခဲဖြစ်နေကြောင်း သူကဆက်ပြောသည်။

“ခွဲစိပ်လူနာတွေအတွက်တော့ သိပ်အရေးအကြီးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာခွဲစိပ်ဆရာဝန် ၂ ယောက်ရှိသေးတယ်။ သူတို့အတွက်ကျတော့ သိပ်ပြဿနာမရှိဘူး။  ဆရာဝန်လုံးဝမရှိတာကတော့ အရိုး၊ အရေပြား၊ စိတ် အဲဒီလူနာတွေအတွက်တော့ ဆေးရုံမှာ ဆရာဝန် လုံးဝမရှိဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ အရိုးလူနာတွေကို ခွဲစိပ်ဆရာဝန်တွေက ကုသပေးနေရတယ်။ တခြား အရေပြားနဲ့ စိတ်ကျန်းမာရေးလူနာတွေကိုတော့ ဘယ်လိုကုသနေလဲ မသိဘူး။ ” ဟုပြောသည်။

အရိုးဆောင်တွင် ဆေးကုသမှုခံယူနေခဲ့သော ပေါင်ရိုးကျိုးလူနာတစ်ဦးမှာလည်း ဆရာဝန်များမရှိတော့သဖြင့် ဆေးရုံမှဆင်းပြီး တိုင်းရင်းဆေးဆရာများနှင့် ကုသနေရသည်ဟု ကာယကံရှင်က ပြောသည်။

“ ဆရာဝန်တွေမရှိတော့ဘူးဆိုတော့။ ဆေးရုံမှာရှိတဲ့လူနာတွေက တော်တော့ကို အခက်အခဲကြုံနေရတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ငွေရေး၊ ကြေးရေး၊ ကုန်ကျမှုတွေများတဲ့အတွက် မကုသနိုင်လို့  ပြည့်သူဆေးရုံကိုလာတာ။ အခု ပုဂ္ဂလိက ဆေးရုံတွေမှာလည်း မကုသနိုင်တဲ့အတွက် ရွာကိုသွားပြီးတော့ တိုင်းရင်းဆေးဆရာတွေနဲ့ ကုသနေရတယ်။” ဟုပြောသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက လူနာများအနေဖြင့် ဆေးရုံများတွင် ဆေးကုသမှုခံယူရန် အခက်အခဲကြုံတွေ့ရလျှင် တပ်ဆေးရုံသို့ လာရောက်ကုသနိုင်သည်ဟု ပြောသည်။

“စစ်တွေဆေးရုံမှာလည်း ကုသလို့ရတယ်။ ဒါပေမဲ့ လိုအပ်လို့ရှိရင်တော့ တပ်ကိုပြောင်းပြီးတော့ ကုပေးနေတာတွေရှိတယ်။ တချို့လည်း တပ်ဆေးရုံကို တိုက်ရိုက်လာပြီးတော့ ကုနေတာတွေရှိပါတယ်။  အရေအတွက်တော့မသိဘူး။ ” ဟုပြောသည်။

လက်ရှိစစ်တွေပြည်သူ့ဆေးရုံကြီးတွင် လူနာ ၃၀၀ ကျော်ရှိပြီး၊ ဆရာဝန် ၅၀ ခန့်ရှိသည်ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆက်ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ စစ်တွေဆေးရုံအုပ် ဒေါက်တာဇော်လွင်၊ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...