အာဏာသိမ်းကောင်စီ၏ သတ်ဖြတ်မှုများကို KNU က ရှုတ်ချ

အာဏာသိမ်းကောင်စီ၏ သတ်ဖြတ်မှုများကို KNU က ရှုတ်ချ

အဏာသိမ်းစစ်ကောင်စီ က ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိ စေခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်သည်။

ယမန်နေ့က ဖြစ်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ ကြသူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချသည်ဟု KNU က ထုတ်ပြန်လိုက်သည်။

KNU ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် “မနေ့က လှိုင်သာယာနှင့် အခြားနေရာများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြ သူများကို သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရစေခြင်းအား ပြုလုပ်သည်များကို KNU မှ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချပါသည်။ KNU သည် လက်ရှိအနေကို အနီးကပ်စောင့်ကြည့်ပြီး အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ အား အကန့်အသတ်ဖြင့် ထိန်းချုပ်ရန် တိုက်တွန်းသည်” ဟု ရေးသားထားသည်။

ထို့အပြင် “ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ အကြမ်းဖက်မှုများကို လက်မခံနိုင်ပါ” ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

KNU အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးစနစ်ပြောင်းလဲမှုနှင့် ၎င်းတို့၏ အခွင့်အရေးများကို ဆန္ဒပြပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းများကို KNU က အပြည့်အဝထောက်ခံသည်ဟု ပြောသည်။

အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးကိစ္စရပ်များကို အာရုံမလွှဲကြစေရန်လည်း KNU က ဆန္ဒပြပြည်သူများကို တောင်းဆိုထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရင်း ကျဆုံးသွားကြသည့် လူငယ်များနင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အတွက်လည်း မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း KNU က ပြောသည်။

အလားတူ KNU အနေဖြင့် “ဖက်ဒရယ် ဒီမိုကရေစီ ရရှိသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဟု ပြောကြား လိုပါသည်” ဟုလည်း မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်လိုက်သည့် အဆိုပါထုတ်ပြန်ချက်ထဲတွင် ပြောဆိုထား သည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ခရိုင်များကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်လာ မည့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က  ထုတ်ပြန်ပြောဆိုထားသည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ဖာပွန်(မူတြော်ခရိုင်) နှင့် တပ်မ ဟာ ၆ ဒူးပလာယာခရိုင် မှ တာဝန်ရှိများက ထုတ်ပြန်ပြောဆိုထားခြင်း ဖြစ်သည်။

KNU ခရိုင်များအတွင်း အုပ်ချုပ်ရေး ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး နဂိုရှိထားသည့် ကော်သူးလေ အုပ်ချုပ် ရေး စံနစ်အတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ် ပေါ်ပေါက်လာ သည့်အထိ ကြိုးပမ်းသွားမည် ဖြစ်သည်ဟု KNU ခရိုင် အသီးသီးက ပြောဆိုထားသည်။

Most read this week

ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...
August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...