စစ်ဗျူဟာအချက်အချာကျသည့် ဘုရားစေတီတောင်များတွင်တပ်စွဲထားမှု ရုပ်သိမ်းပေးရန် အစီစဉ်မရှိသေးဟုဆို

စစ်ဗျူဟာအချက်အချာကျသည့် ဘုရားစေတီတောင်များတွင်တပ်စွဲထားမှု ရုပ်သိမ်းပေးရန် အစီစဉ်မရှိသေးဟုဆို

ချစ်အိလှိုင် — ရခိုင်မှ စစ်ဗျူဟာအချက်အချာကျသည့် ဘုရားစေတီတောင်နေရာများတွင် တပ်စွဲထားမှုကို လောလောဆယ် ရုပ်သိမ်းပေးရန်အစီစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

ရခိုင်ပြည်သူများအနေဖြင့် တန်ခိုးကြီး ဘုရား၊စေတီတောင်များတွင် တပ်မတော်မှ နေရာယူထားမှုကို ရုပ်သိမ်းပေးရန် လိုလားနေကြပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းကို နိရဉ္စရာ သတင်းထောက်မှမေးမြန်းစဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“ အဲဒါတွေက စစ်ဗျူဟာအရ အရေးကြီးတဲ့နယ်မြေပေါ့နော်။ တချို့ဟာတွေက အချက်အချာ နယ်မြေလည်း ဟုတ်တယ်။ စစ်ရဲ့သဘောတရားပေါ့။ အဲဒီအခါကျတော့ နှစ်ဦးနှစ်ဖက်က ယုံကြည်မှုတည်ဆောက်နေဆဲ အချိန်ပဲရှိသေးတယ်။ မရဘူးဗျ။ ဆုတ်လို့ တော့ မရဘူး” ဟု  ပြောသည်။

တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် ယုံကြည်မှုတည်ဆောက်နေဆဲအချိန်သာဖြစ်သဖြင့် စစ်ဗျူဟာအချက်အချာနေရာများဖြစ်သည့် ၄င်းနေရာများမှ တပ်စွဲထားမှုကို ရုပ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း ၊ သို့သော်လည်း ဘုရားဖူးနိုင်ရန် စီစဉ်ထားမှုများရှိနေကြောင်း ၎င်းက ပြောသည်။

“ ဘုရားဖူးတွေ အနှောင့်အယှက်မရှိအောင်တော့ ဘုရားဖူးတွေလာတဲ့ လမ်းကြောင်းမှာ တပ်မရှိဘူး။ ကွယ်ရာမှာရှိမယ်။ ကွယ်ရာမှာဆိုတာလည်းအန္တရာယ်ပေးဖို့ ဘာဖို့  မဟုတ်ဘူး၊ ဘုရားဖူးတွေလာရင် စောင့်ကြည့်ဖို့လည်း မဟုတ်ဘူး။ သူ့ဟာသူနေတာ။ အရေးအကြောင်းဆိုရင် အန္တရာယ် မရှိအောင်ထိမ်းဖို့ပေါ့” ဟုပြောသည်။

မင်းပြားမြို့မှ ရှေးဟောင်းတန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် ကျိန်းတောင်ပေါ်တွင် တပ်မတော်မှ စခန်းချနေရာယူထားသဖြင့် ဘုရားဖူးရန် အခက်အခဲဖြစ်နေကြောင်း မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မှ ဦးမောင်စောတင်ကပြောသည်။

“ဘုရားဖူးသူတွေကိုတော့ စစ်တပ်က တောင်ပေါ်လမ်းမအလယ်က သွားဖို့ပြောတယ်။ လမ်းအောက်ဖက် မဆင်းဖို့ပေါ့။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေဆိုတာ အခါကြီးရက်ကြီးတွေမှာ လူတွေများလာရင် ဘုရားတောင်ပေါ် နေရာအနှံ့ ရောက်နိုင်တယ်။ ဒီအတွက် မိုင်းတွေရှိရင် အန္တရာယ်ရှိနိုင်တယ်။ စိုးရိမ်ရတယ်။ ဘာသာရေးအရလည်း ဘုရားတောင်အနီးအနားနဲ့ တပ်နဲ့ မအပ်စပ်ပါဘူး။ ရုပ်သိမ်းပေးစေချင်တယ်” ဟုပြောသည်။

လက်ရှိ အချိန်တွင် ကျိန်းတောင်အနီးဝန်းကျင်ကို စစ်တပ်က  မိုင်းရှင်းရေး လုပ်နေသည်ဟု သတင်းများရရှိသော်လည်း ပြည်သူများမှာ ဘုရားဖူးမသွားရဲကြဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့် လွန်ခဲ့သည့် ၂ နှစ်ခန့်ကပင် စပြီး တပ်မတော်မှ ဘုရားတောင်ပေါ် တချို့နှင့် ကျေးရွာတချို့တွင် ဝင်ရောက် စခန်းချနေရာယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...