“ကျောက်ဖြူစီမံံကိန်းကို သူတို့ ပြောသွားတဲ့ ပုံစံအရဆိုရင် တော်တော်လေးကို ပြည့်ပြည့်စုံစုံ စီမံထားတာကို တွေ့ရပါတယ်။ ဒါကို ဖြည့်ပြီး အကြံပြုချင်တာက စီမံကိန်းက အောင်မြင်လာမယ်။ အောင်မြင်လာရင် ပြည်ထောင်စု တစ်ခုလုံး ခံစားရမယ်။ ဒါပေမယ့် ဒီစီမံကိန်းမအောင်မြင်ခင် ဒီစီမံကိန်းရဲ့ ဒေသခံတွေအတွက် လူမှုရေး၊ စီးပွားရေး၊ ဒီဒေသခံတွေခံစားရမဲ့ အကာအကွယ်တွေပေါ့့။ ဒီအကာအကွယ်တွေကိုလည်း လုံလုံလောက်လောက် လုပ်ပေးပါလို့ တိုက်တွန်းချင်ပါတယ် ” ဟု ရခိုင်လူမှုကွန်ရက်များ ကြီးကြပ်ရေး ကော်မတီကိုယ်စားတက်ရောက်လာသူ ဦးမောင်ကြီးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် အပါအဝင် (၈)ဦးအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်မတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြသည့် လူထုတွေ့ဆုံပွဲတွင် ကျောက်ဖြူ စီးပွားရေး ဇုန်ကိစ္စကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“ ကျောက်ဖြူဇုန်ဟာ တရုတ်ဖက် အနောက်ဘက်ထွက်ပေါက်ဖြစ်ပေမယ့် စက်မှုဇုန်တွေ၊ စီးပွားရေး ဇုန်တွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ကလည်း ပူးတွဲလုပ်မယ်ဆိုရင် တိုင်းပြည် အတွက် အကျိုးရှိနိုင်ပါတယ်။ နောက်ပြီးတော့ တရုတ်ပြည်ကို သမ္မတကြီးနှင့် ကျွန်တော်တို့ သွားတုန်းကလည်း မြန်မာပြည်က ပါဝင်ပါ့မယ်လို့ တရုတ်ဝန်ကြီးကို ပြောထားခဲ့တာလည်း ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
အဆိုပါစီမံကိန်းကို ကျော်ဖြူအများပိုင်ကုမ္ပဏီမှ ဦးဆောင်၍ ကုမ္ပဏီ ၄ဝ နီးပါး ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုများ ပြီးစီးပါက လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် အကောင်းအထည်ဖော်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်မှ ကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင်မည်ဆိုပါက ကြိုဆိုပါကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်၏ ပင်မစီမံချက် (Study on SEZ Development Program in Union of Myanmar)ကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန််ကြီးဌာနမှဦးစီး၍ ဂျပန်နိုင်ငံ၏ Engineering Consulting Frim Association (ECFA)၏ အကူအညီဖြင့်ရေးဆွေးခဲ့ပြီး အဆိုပါစီမံချက်တွင် မြန်မာနိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များ နေရာ (၈)နေရာတွင် ဆောင်ရွက်သင့်ကြောင့် အကြံပြုခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်( ရမ်းဗြဲကျွန်း)လည်းတစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက စီမံကိန်းတွင် လုပ်သား ၃ သိန်း ၈ သောင်းကျော်အထိ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။







