KIO ပြောရေးဆိုခွင့်ရှိသူနှင့် အင်တာဗျူး

KIO ပြောရေးဆိုခွင့်ရှိသူနှင့် အင်တာဗျူး

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သာမက က ချင်ပြည်နယ်တွင်ပါ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။

မတ်လ ၁၁ ရက်နေ့(ယနေ့) တွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆ အဖွဲ့ဝင်များက ဖားကန့် မြို့နယ် ဆယ်ဇင်း အနီးစခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်ဖက်မှ ၎င်းတို့အား ရဟတ်ယာဉ်များနှင့် ပြန်လည် လာရောက် ပစ်ခတ် တိုက်ခိုက်မှုများရှိသည်ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများအပြင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကာ သပိတ်ဆင်နွှဲနေကြသည့်  ပြည်သူများကို တပ်မတော်က အကြမ်းဖက်ဖြိုခွင်းနေမှုများအပေါ် KIO ရဲ့ သဘောထားက ဘယ်လိုရှိနေပါသလဲ။ KIO အနေဖြင့် ပြည်သူများဖက်မှ ဘယ်လိုရပ်တည်လုပ် ဆောင်သွား မှာလဲ၊ စသည့် အကြောင်းအရာများကို ကချင်လွတ်လပ်ရေး အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းထားရာမှာ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ယခုလို စပြောသည်။  

ဗိုလ်မှူးကြီး နော်ဘူ - ဒီကနေ့ ၃ နာရီကျော်အချိန်ကတည်းကနေ ဆယ်ဇင်းပေါ့နော။ ဆယ်ဇင်းအနီးစခန်းကို ကျနော်တို့ KIA တပ်ရင်း ၂၆ တပ်ဖွဲ့တွေ ဝင်စီးတယ်ဆိုတဲ့ သတင်းကြားပါတယ်။ ပထမကတော့ KIA တပ်ရင်း ၂၆ ကနေ ဒီ ဆယ်ဇင်း အနီးစခန်းကို ဝင်စီးတယ်။ ဒါကတော့ မိုးလင်းတဲ့အ ထိပေါ့နော ၃ နာရီကျော်ကတည်း ကနေ မိုးလင်းတဲ့အထိ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ အဲဒါနဲ့ ၈ နာရီ ဝန်းကျင်လောက်မှာတော့ ဒီ ဆယ်ဇင်းနဲ့ တာမခန်ကြားမှာ စစ်ကူလာတဲ့ တပ်ရင်း ၃၃ အဖွဲ့တွေနဲ့ ပြန်ပြီးမှ တိုက်ပွဲ ဖြစ်တယ်ဆိုတာကြားပါတယ်။ ၉ နာရီ ကျော်တဲ့ အချိန်မှာကတော့ KIA တပ်ရင်း ၂၆ ဌာနချုပ်နယ်မြေပေါ့ ရှေ့တန်း ဌာနချုပ်ပေါ့ အဲဒီ နေရာမှာ တပ်မ တော်ကနေ ဟာလီကော်ပတာ ၂ စီးနဲ့ လာပြီးမှ ပစ်တယ်ဆိုတဲ့ သတင်းကြားပါတယ်။ အဲဒီ နောက်ပိုင်းကတော့ အဲဖက်က သတင်းတွေ ဘာမှ မတက်တော့ဘူး အဲလောက်ပဲကျနော်ကြားပါတယ်။

မေး - နှစ်ဖက်ထိခိုက်သေဆုံးတာတွေရော ရှိသလား။

ဗိုလ်မှူးကြီး နော်ဘူ - တပ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေက ကျနော်တို့ဆီမှာ မရောက်ဘူး မရှိသေး ဘူး။ ဒါပေမယ့် ခုနပြောတဲ့ ပထမဖြစ်နေတဲ့ ဒီ အနီးစခန်းကိုတော့ KIA ကနေ ဝင်ဆီးသွားတယ်ဆိုတဲ့ သတင်း လောက်တော့ ကြားပါတယ်။ အဲဒီက လက်နက်ခဲယမ်းမီးကျောက်တွေ နည်းနည်းပါးပါးတော့ သိမ်းလို့ရပြီ ထင် တယ်။ တပ်မတော်ဖက်က KIA ဖက်က အသေအပျောက် ထိခိုက်ဒဏ်ရာရမှုတွေ သတင်းတွေကတော့ ကျနော် တို့ဆီမှာ ဘာမှ မရသေးဘူး။

မေး - တိုက်ပွဲတွေ ငြိမ်သက်နေရင်းကနေ ဘယ်လိုအကြောင်းကြောင့် ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာရတာလဲ။

ဗိုလ်မှူးကြီး နော်ဘူ - ကျနော်တို့ KIO ဗဟိုကနေတော့ တပ်မတော် တပ်စခန်းတွေကို တိုက်တာမျိုးတွေ မြို့ရွာ တွေကို လာပြီးမှ စစ်ပွဲ ဖြစ်တာတွေ နောက်ကိုယ့်ရဲ့ ပြည်သူလူထုရှိတဲ့ ရပ်ရွာမှာ တိုက်ပွဲ ဖြစ်တာတွေ မဖြစ် အောင် ကျနော်တို့ ညွှန်ကြားထားပြီးသား ရှိပါတယ်။ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဆက်စပ်မှု ရှိတာကတော့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ KIA တပ်မဟာ ၆ ဖက်မှာကတော့ တပ်မတော် ထိုးစစ် ဆင်တာက ၂ လ နီးပါးလောက်ရှိပြီ ၁ လကျော်ပြီပေါ့။ နေ့တိုင်းတိုင်းလို ကြိုကြားကြိုကြားတိုက် ပွဲတွေဖြစ် တယ်။ အဲတော့ အဲကနေများ ဆက်စပ်နေတာလားပေါ့နော။ ကျနော်တို့ စဉ်းစားတာပေါ့ ရှေ့တန်းက စစ်မှူးတွေ တပ်မှူးတွေ ဗျူဟာမှူးတွေ သူတို့ အချင်းချင်းညှိနှိုင်းပြီးမှ အဲဒါနဲ့ ဆက်စပ်မှုများရှိသလားပေါ့နော အဲဒါ ကတော့ စဉ်းစားတာ ပါ။ ဒီ KIO ဗဟိုကနေ ခုလိုမျိုး ဝင်စီးဖို့ညွှန်ကြား ထားတာတော့ မရှိဘူး ရှေ့တန်း ကသ မားတွေ စီစဉ်တာပဲ ဖြစ် မယ်လို့ ကျနော်တို့ သုံးသပ်တာပါ။ အသေးစိတ်ကတော့ ကျနော်တို့တော့ ပြန်ပြီးမှ စစ်ဆေးနေ တဲ့ အချိန်ဖြစ်ပါ တယ်။

မေး - အခုလက်ရှိမှာရော နှစ်ဖက် စစ်ရေးလှုပ်ရှားမှုတွေက ဘယ်လိုရှိနေသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - ကျနော်တို့ဖက်ကတော့ ထူးထူးထွေထွေ အင်အားတိုးချဲ့ထားတာ မရှိပါဘူး။ ဒါပေမယ့် ခုနပြောတဲ့ ရှမ်းမြောက် ဖက်က တပ်မဟာတွေကတော့ သူတို့လည်း အမြဲတမ်း သတိအနေအထားနဲ့ သွားလာ နေဆဲ အနေအထား တော့ ဖြစ်ပါတယ်။ ပြီးတော့မှ တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်။

မေး - ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းတာကို အလိုမရှိလို့ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကလည်း KIO/KIA ကနေပြီးတော့ သူတို့ကို ကာကွယ်ပေးဖို့ မျှော်လင့်နေတာတွေရှိတယ်။ KIO/KIA က လူထုအတွက် ဘယ်လို ရပ်တည်သွားဖို့ရှိပါသလဲ။ ဘယ်လိုကာကွယ်ပေးသွားဖို့ရှိပါသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - အဲဒါကတော့ တစ်စုံတစ်ရာ ကူညီပေးမယ်။ ကာကွယ်ပေးမယ် ဆိုပြီးမှ ကျနော်တို့က ပြော လို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါ စစ်ရေးနဲ့ ပတ်သက်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ပြောနေတာ ကတော့ KIA ကလည်း ပြည်သူလူထုနဲ့ တစ်ထပ်တည်း ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတာကိုတော့ ပြောလို့ရပါ တယ်။ ဘယ်ပုံစံနဲ့ ကျနော်တို့ ကူညီမယ် ကာကွယ်မယ် ဆိုတာကတော့ ပြောလို့တော့ စောပါတယ်။

မေး - အစောပိုင်းမှာလည်းပဲ ဗိုလ်မှူးကြီးတို့ KIO/KIA ကနေပြောထားတာက တစ်စုံတစ်ရာ ပြည်သူတွေကို ထိခိုက်လာမယ်ဆိုရင် ပါဝင်ရတာမျိုးတွေ ရှိလာမယ်ဆိုပြီး ပြောထားတာဆိုတော့ အခုသေဆုံးသွားတဲ့သူ လည်းရှိတယ် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီးဆိုတော့ ဒီအပေါ်မှာရော ဘာများပြောလိုသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - ကျနော်တို့ ကာကွယ်ဖို့တော့ အရင်ကလည်း ကျနော် ခနခန ပြောနေတာ ရှိပါတယ်။ မပ ခကိုလည်း ကျနော်တို့ ကြိုတင်ပြီးမှ ပြောထားတာရှိတယ်။ ကျနော်တို့ ထုတ်ပြန်ကြေညာချက် ထုတ်ထား တာလည်းရှိပါတယ်။ နောက် ပြည်သူလူထုဖက်မှာ ကျနော်တို့ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတဲ့ နောက်တော့ ကျနော်ထပ်ပြီးမှ ပြန်ပြောလိုပါတယ်။ အဲဒီနောက်မှာကတော့ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို ပြောမယ်ဆိုရင်တော့ စစ်ရေးနဲ့ ပတ် သက်ပြီးလည်း တိတိကျကျ ပြောလို့ မရဘူး။ စာထုတ်တာလည်း မရှိဘူး။ နောက်ပြီးတော့ ပြည်သူလူထု တွေက မြို့ပေါ်မှာပဲ ဖြစ်ပါတယ်။ ကျနော်တို့လည်း  မြို့ပေါ်မှာ လက်နက်နဲ့ ဝင်မယ် ဆိုရင်တော့ ပြဿနာ ပိုကြီးလာ နိုင်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအတွက်လည်း ကျနော်တို့က အထူး စိုးရိမ်ပါတယ်။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ နည်းလမ်းရှာပြီးမှ ကူညီဖို့ ကာကွယ်ဖို့ကတော့ ကျနော်တို့ ဆီမှာလည်း တာဝန်ရှိ တယ်ဆိုတာကိုတော့ ပြောလိုတာပေါ့။

မေး - ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက တပ်မတော်နှင့် ဖြစ်ပွားနေတဲ့ လက်ရှိတိုက်ပွဲ အခြေအနေ ဘယ်လိုရှိနေသလဲ။

ဗိုလ်မှူးကြီး နော်ဘူ - အဲဖက်မှာတော့ ငြိမ်တယ်လို့ ပြောလို့ မရဘူး ဒီမနက်ကလည်း တပ်ရင်း ၈ အဖွဲ့နဲ့ နေရာက တော့ ကျနော် အတိအကျတော့ မမှတ်မိတော့ပါဘူး။ တိုက်ပွဲဖြစ်တာရှိပါတယ်။ ဆိုတော့ အဲဖက်ကတော့ အမြဲ တမ်း တင်းမာနေတဲ့ အနေအထား ဖြစ်ပါတယ်။ တပ်ရင်း ၃၆ နယ်မြေဖက်က စစ်ကြောင်း တစ်ချို့တွေက ပြန် ဆုတ်တယ်ဆိုတာ ကြားပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ တောမှာ တောင်မှာပဲ ပြန်ပြီးမှ ပုန်းနေတယ် ဆိုတဲ့ သတင်းနဲ့ ကျနော်တို့ ရပါတယ်။ ဆိုတော့ အချိန်မရွေး တိုက်ပွဲကတော့ပြန်ဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါ တယ်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...