ဖမ်းဆီးခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တစ်လကြာလာသည်အထိ အဆက်အသွယ် မရဟု ပြည်နယ် NLD တာဝန်ရှိသူများက ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်၏ ဖမ်းဆီး ခေါ် ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်း ခံ ခဲ့ရသည်။ အဲဒီနောက်ပိုင်း လုံးဝ အဆက်အသွယ်မရတော့ကြောင်း NLD ကပြောသည်။
“အဖမ်းခံရပြီးနောက် အဆက်အသွယ် လုံးဝမရဘူး၊ ဘယ်နေရာမှ ထိန်းသိမ်းထားလဲ၊ ဘယ်လိုထိန်းသိမ်းခံနေရ လဲဆိုတာ ဘာမှ မသိရဘူး။ အခုဆို တစ်လလောက်ရှိနေပြီး မိသားစုဝင်တွေကလည်း ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်၊ ဝန်ကြီးချုပ်ကို တရားစွဲထားတယ်လို့ပဲ သိထားတယ်” ဟု NLD ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် Video ဖြင့် ပြောကြားခဲ့မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည်ဟုလည်း ပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါ်သီရိရတနာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို ပုဒ်မ ၅၀၅(က) ဖြင့် လည်းကောင်း၊ သထုံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ၅၀၅(က)၊ ၅၀၅(ခ) ဖြင့် လည်းကောင်း တရားစွဲထားသည်။
ထို့အပြင် ဝန်ထမ်းများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် (ကိုယ်စား) စာထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် ကိုလည်း ပုဒ်မ ၅၀၅(ခ) ဖြင့် တရား စွဲထားသည်။
တရားစွဲဆိုခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအနက်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင် ဖမ်း ဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေကြ ရ သည်။
NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။







