ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းချက်များ NLD ထောက်ပြ

ရွေးကောက်ပွဲကော်မရှင်၏ မှားယွင်းချက်များ NLD ထောက်ပြ
by -
မဇ္ဈိမ
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်မညီသည့် အမှားများ အပြင် မမှားသင့်သည်များကိုပါ မှားယွင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ဇွန်လ ၃ ရက်တွင် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်သည်။

ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်များနှင့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွှန့်တို့ ဇွန်လ ၃ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တွင် နှစ်နာရီကျော်ကြာ တွေ့ဆုံပြီးနောက် အဆိုပါအိတ်ဖွင့်ပေးစာကို ပေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးထံ လိပ်မူပေးပို့လိုက်သည့် NLD ၏ အိတ်ဖွင့်ပေးစာ တွင် ကော်မရှင်ကထုတ်ပြန်ခဲ့သော အခြေခံမဲဆန္ဒရှင်များ စာရင်းသည် မှတ်ပုံတင်မရှိသူများ၏ အမည်စာရင်းများ ပါ၀င်နေခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း မဝင်သူများကို ထည့်သွင်းထားခြင်းနှင့် မွေးရက်၊ မွေးလတူနေသူများစွာ ပါ၀င်နေသည်ဟု ဆိုသည်။

ကော်မရှင်က ထုတ်ပြန်လိုက်သည့် အခြေခံမဲဆန္ဒရှင်များစာရင်းတွင် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ ရွာတစ်ရွာတွင်ရှိသည့် လူဦးရေအားလုံးသည် ဇွန်လ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် မွေးဖွားကြသည်ဟု ဖော်ပြထားခြင်းကို ရည်ညွှန်းကာ NLD ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားခြင်းဖြစ်သည်။

ထုတ်ပြန်ထားသည့် အခြေခံမဲဆန္ဒရှင်များ စာရင်းကိုလည်း အများပြည်သူကြည့်ရှုရန် မလွယ်ကူသည့် လေးထပ် အမြင့်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားခြင်း၊ မဲစာရင်းကပ်ထားသည့် အခန်းကို တံခါးပိတ်ထားသည့်အပြင် ပြည်သူများ လာကြည့်ရန် အဆင်မပြေသည့် အချိန်များတွင်သာ ရုံးဖွင့်ထားခြင်းတို့ကို တွေ့ရှိရသည်ဟု အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

"ထန်းတပင်မြို့နယ်မှာ ရုံးခန်းပိတ်ထားတာကို ကျွန်တော်တို့ တွေ့ပါတယ်။ လှိုင်သာယာမှာတော့ ရုံးခန်းက လေးထပ်တိုက်ပေါ်မှာ ရှိနေတယ်။ ကျွန်တာ်တို့ ပါတီဝင်တွေ သွားကြည့်တာပါ" ဟု NLD၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ထုတ်ပြန်လိုက်သည့် အခြေခံမဲဆန္ဒရှင်များစာရင်းသည်လည်း "ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေသည်" ဟု NLD က ဆိုသည်။

"သူတို့(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)ကတော့ အဆင်ပြေအောင်လုပ်ဖို့ ပြောထားပါတယ်တဲ့။ တစ်ချို့က မလိုက်နာတာတွေရှိတယ်ပေါ့လေ။ ဒါတွေကို သူတို့အဆင်ပြေအောင် လုပ်ပေးပါ့မယ်လို့ ပြောပါတယ်" ဟု ကော်မရှင်နှင့် တွေ့ဆုံ ခဲ့သည့် ဦးထွန်းထွန်းဟိန်က ပြောသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...