၎င်းဘုရားကျောင်းအား အစောင့်အရှောက်ပေးနေသော ဟိန္ဒူအမျိုးသမီးက သူမအား ဖုန်းဆက်ပြီး ခြိမ်းခြောက်မှုများ ရှိနေသည်ဟု နိရဥ္စရာ သတင်းဌာသို့ ပြောကြားသည်။
“ငါသည် အဒူလာကိန်း ဖြစ်တယ်။ မင်းတို့ ဒီနေရာက ထွက်သွားပါ။ မင်းတို့ ဘုရာကျောင်းမရှိစေရဘူး။ ဒီနေရာ ဒီဒေသမှာ ငါတို့ အစ္စလာမ် ဘာသာမှအပ ဘာမှ မရှိစေရဘူး။ မင်းတို့ အစ္စလာမ် ဘာသာကို ကူးပြောင်းမှာလား။ ကူးပြောင်းယင် ငါတို့ က နိုင်ငံခြားကိုခေါ်သွားပြီး ချမ်းချမ်းသာသာထားပေးမယ်။ ငါပြောသလို မလုပ်ယင် မင်းတို့ ဒီမှာ အသက်ရှင်စွာ နေထိုင်ဖို့ မစဉ်းစားပါနဲ့။ အဲသလိုမျိုးဖုန်းဆက်ပြီး ခြိမ်းခြောက်ပါတယ်” ဟု ဘုရားကျောင်း စောင့်ရှောက်နေသူ အမျိုးသမီးက ပြောသည်။
၎င်း ကမ်းခြေအနီး ကျောက်ပန်းဒူ ဘင်္ဂလီကျေးရွာတွင် အိမ်ခြေ ၅၆၀ ကျော်ရှိပြီး ဟိန္ဒူ အိမ်မှာ ဘုရားကျောင်း အစောင့်အဖြစ် ထားရှိသော နေအိမ်တစ်လုံးသာ ရှိသည် ဟုသိရသည်။
၎င်းအမျိုးသမီး အိမ်မှာ ကျောက်ပန်းဒူ ရခိုင်ရွာနှင့်လည်း အလှမ်းဝေးသောနေရာတွင် တည်ရှိပြီး သူမ နေအိမ်မှာ ဘင်္ဂလီရွာထဲတွင် ပင်လယ်ပြင်ကို နောက်ခံပြုလျှက် တည်ရှိသည်ဟု ဆိုသည်။
ဘုရားရှိခိုးကျောင်း ဂေါပကတာဝန်ခံ ဦးမောင်နီက ” ဒီလိုခြိမ်းခြောက်လာမှုဖြစ်ပွားပြီး နောက်တစ်နေ့မှာ သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များကို တိုင်ကြားထားပါတယ်။ သက်ဆိုင်ရာ ရဲစခန်းမှ ဘင်္ဂလီကျေးရွာ တာဝန်ခံနဲ့ အရပ်လူကြီးများအပြင် ဘုရားရှိခိုးကျောင်းအနီးအနားရှိ ဘင်္ဂလီအိမ်ထောင်စုများနဲ့ မွတ်စလင်လူကြီးတွေကို ကျောက်ပန်းဒူ စခန်းသို့ ခေါ်ယူပြီး နောက်နောင် ဒီလိုကိစ္စများ မဖြစ်ပွါးရအောင်ဆိုကာ ကတိခံဝန်ချက် ရေးထိုးခိုင်းပါတယ်။ ဒီလ ၂၅ ရက်နေ့မှာ ကတိခံဝန် လက်မှတ်ရေးထိုးခိုင်းပါတယ်။ လက်မှတ်ရေးထိုးတဲ့ အဲဒီညမှာဘဲ ဟိန္ဒူဘုရားကျောင်း ဝင်းထဲမှာ စိုက်ပျိုးထားတဲ့ အရိပ်ရသစ်ပင်တွေနဲ့ အောရီချ သစ်ပင် စုစုပေါင်း ၁၀၀ နီးပါးကို ဘင်္ဂလီအုပ်စုများက လာရောက် ခုတ်ဖြတ် ပစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘုရားကျောင်းဆောင်ရဲ့ အထင်ကရ အောင်မြေဖြစ်တဲ့ အဆောင်မှာ “မစင်”များ ပါစွန့်ပစ်ထား ခဲ့ပါတယ်။ ဒါဟာ လုံးဝ သည်းခံနိုင်စရာ မရှိပါ” ဟု ပြောသည်။
အဆိုပါ အဖြစ် အပျက် ဖြစ်ပွားပြီးနောက် ဟိန္ဒူဘုရား ကျောင်း၏ တာဝန်ခံ ဦးမောင်နီ က ရခိုင်အမျိုးသား ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား တိုင်ကြားခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းတို့မှ အဆိုပါ ကျောက်ပန်းဒူ ဟိန္ဒူဘုရားကျောင်း၏ ပဂတိ မြေပြင်အနေအထား များကို သွားရောက်စစ်ဆေးခဲ့ပြီး ကျောက်ပန်းဒူ နယ်မြေ(၈) စခန်း တပ်ခွဲမှူး ဦးစိုးလိူင်ဦးနှင့် ကျောက်ပန်းဒူ ဘင်္ဂလီကျေးရွာ တာဝန်ခံ များအား တွေဆုံပြီး ခြိမ်းခြောက်သူများ နှင့် ပြစ်မူ ကျုးလွန်သူများကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် တောင်းဆိုခဲ့သည်။
ကျောက်ပန်းဒူ နယ်မြေ(၈) စခန်း တပ်ခွဲမှူး ဦးစိုးလှိုင်ဦးအား မေးမြန်းရာ သူက “ အမူဖွင့် တိုင်ကြားတာတော့ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ လုံခြံုရေးအရ ကြိုတင်ပြီး ဆောင်ရွက်စရာများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ဟိန္ဒူဘုရား ကျောင်း တာဝန်ခံ ဂေါပက ဦးနီမောင်အား ဆက်လက် မေးမြန်းရာ သူက “ကျွန်တော်တို့ အမူဖွင့် တိုင်ကြားသွားမှာပါ။ ဘာအတွက်လဲ ဆိုတော နောက်ဆို ဒီထက် ဆိုဝါး တဲ့ အခြေအနေတွေထိ ကြံု တွေ့လာနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီကျောက်ပန်းတူ ဘင်္ဂလီရွာ မှာ ကျွန်တော် တို့ ဟိန္ဒူလူမျိူး ၂ ဦး အသတ်ခံခဲ့ရပြီးပါပြီ။ အဲဒီအချိန်က စပြီး ကျွန်တော်တို့ ဟိန္ဒူ အိမ်ထောင်စုတွေ မနေရဲတော့ဘဲ အခုဆို ဘုရားကျောင်းကို စောင့်ရှောက်ရန် ဒီတစ်အိမ်ဘဲ ကျန်နေတာပါ။ အခု သူတို့ အသက်အန္တရယ်ကို အထူး စိုးရိမ်နေရတဲ့ အနေအထား ဖြစ်နေပါပြီ။ ဒီ ဘုရားကို ကျွန်တော်တောင် လာဖို့ ကြောက်လန့်နေရပါပြီ။ အခု ဘုရားကျောင်းဆောင် အသစ်တည်ဆောက်ဆဲ ကာလပါ။ ဒါကို ဘင်္ဂလီတွေက လုံးဝ မလိုလားတဲ့ သဘော ရန်ပြုချင်နေတဲ့ သဘော ရှိနေပါတယ်” ဟု ပြောဆိုသည်။
ကျောက်ပန်းဒူ ဘင်္ဂလီကျေးရွာ တာဝန်ခံအား မေးမြန်းရာ သူက “ ကျွန်တော်တို့ ရွာက မွတ်ဆလင် လူကြီးတွေ ပြောတာကတော့ နှစ်ကာလ တာရှည်စွာ အတူတကွ နေထိုင်လာခဲ့ကြတာပါ။ အခုအချိန်မှာမှ အမုန်းတရားများ မပွားစေလိုလို့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြစ်မူကျူးလွန်သူများကို ဖော်ထုတ်နိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။







