မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက်နေ့ က ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က သေဆုံးသွားခဲ့သည်။
ဘူမိဗေဒ တတိယနှစ် ကျောင်းသား မောင်ထက်ဝေထူးသည် မတ်လ ၃ ရက်နေ့ ညနေပိုင်းခန့်က မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်အတွင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။
ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်သွားသည့် မောင်ထက်ဝေထူးကို လူမှုကယ်ဆယ်ရေးကားဖြင့် ငွေမိုး ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။
မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက “သူ့အအေးဆိုင်ရှေ့မှာ ရပ်ကြည့်နေတာကို ပစ်ခံထိသွားတာပါ၊ ဦးခေါင်းကို ပစ်ခံ ရတာပါ၊ သူက ဆန္ဒပြတဲ့အထဲမှာ ပါသွားလို့ ပစ်ခံထိတာမဟုတ်ပါဘူး၊ အလွတ်ကြီး ပစ်ခံရတာပါ” ဟု ပြော သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်တွင် ဆန္ဒဖော်ထုတ်သူများကို ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းရာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန် သေဆုံးသွားခဲ့သည်။
ထိုကြောင့် မော်လမြိုင်မြို့တွင် မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းခန့်အထိ လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်မှု ကြောင့် သေဆုံးသူ ၂ ဦးအထိရှိလာခဲ့ပြီဖြစ်သည်။
မော်လမြိုင်တွင် ဆန္ဒကဖော်ထုတ်နေသူတို့ကို လုံခြုံရေး တပ်ဖွဲ့များက ကျည်အစစ် ရာဘာကျည် မျက်ရည်ယို ဗုံး စသဖြင့် အသုံးပြုကာ လိုက်လံဖြိုးခွင်းနေသည့်အတွက် လူသေဆုံးမှုရှိလာသည့်အပြင် ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိနေသည်။
လုံခြုံရေး တပ်ဖွဲ့များက ဆန္ဒပြနေသူတို့ကို သေဆုံး ထိခိုက်ဒဏ်ရာရရှိအောင် ပြုမှုနေသည့်အပြင် ပြည်သူပိုင် ပစ္စည်းများဖြစ်သည့် ကား၊ ဆိုင်ကယ်၊ လူနေအိမ်၊ စျေးဆိုင်ခန်းများလည်း ဖျက်ဆီးနေသည်ဟု ရပ်ကွက်နေသူ များ၏ ပြောပြချက်အရ သိရသည်။
အာဏာသိမ်းမှုကို မော်လမြိုင်မြို့နေပြည်သူ သိန်းနှင့်ချီတို့က ဆန့်ကျင်ဆန္ဒပြမှုရှိခဲ့သော်လည်း စစ်တပ်နှင့် ရဲတပ် ဖွဲ့တို့၏ လိုက်လံ ပစ်ခတ်ဖြိုခွင်းနေမှုကြောင့် လူနည်းနည်းဖြင့် နံနက်ပိုင်းခဏသာ ဆန္ဒပြပြီး လူစုခွဲနေရသည့် အခြေ အနေရှိနေသည်။







