မော်လမြိုင်နှင့် မြို့ဝင်ထွက်ဂိတ်များတွင် ရှာဖွေစစ်ဆေးမှုများရှိ

မော်လမြိုင်နှင့် မြို့ဝင်ထွက်ဂိတ်များတွင် ရှာဖွေစစ်ဆေးမှုများရှိ

ယဉ်ထောမွန် - မော်လမြိုင်မြို့နှင့် မုဒုံ၊ သံဖြူဇရပ် မြို့အဝင်အထွက်ဂိတ်များတွင် ရဲနှင့်စစ်သားများ ပူးပေါင်းပြီး ဖြတ်သန်းသွားလာသည့် မော်တော်ကားနှင့်ဆိုင်ကယ်များကို ယခုရက်ပိုင်းအတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ခရီးသွားပြည်သူများမှ သိရသည်။

ကားနှင့်ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးသည့်အပြင် ဖုန်းနှင့် အိတ်များကို စစ်ဆေးခဲ့ကြောင်း သံဖြူဇရပ်မြို့ဝင်ဂိတ်တွင် စစ်ဆေးခံရသူ လူငယ်တစ်ဦးက ပြောသည်။

“ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ ကျောပိုးအိတ်ပါတော့ အိတ်ဖွင့်ခိုင်းတယ် ဖုန်းကြည့်လို့ရလားလို့မေးတယ် ကျွန်တော်လည်းပေးလိုက်တယ် အဲ့မှာ ဖုန်းအဝင်အထွက်ခေါ်ဆိုထားတာကိုကြည့်တယ် နောက်ဘာကြည့်တာလည်းတော့မသိဘူး ပြန်ပေးပြီးတော့ သွားခွင့်ပြုလိုက်တယ်၊ အပြန်ကျတော့လည်း ထပ်စစ်တယ်” ဟု စစ်ဆေးခံရသည့် လူငယ်က ပြောသည်

အထူးသဖြင့် ယောကျားလေးလူငယ်များကို ပိုမိုစစ်ဆေးလျှက်ရှိပြီး ခြံလုပ်သားများ၊ သာမန်အလုပ်သမားများနှင့် လူကြီးများကို စစ်ဆေးမှုမပြုလုပ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဆေးခံရသူ အမျိုးသမီးတစ်ဦးက “ဆိုင်ကယ်ကိုရပ်ခိုင်းပြီးတော့ ဆိုင်ကယ်ဘောက်ဖွင့်ခိုင်းတယ် ဘယ်သွားလဲဘာညာမေးတယ် မိန်းကလေးတွေကိုကျတော့ ဖုန်းတော့မဖွင့်ခိုင်းလိုက်ဘူး ဒါပေမယ့်ရှေ့ကယောကျ်ားလေးတွေကိုတော့ တော်တော်စစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် မတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းက ကျိုက်ခမီမြို့ရှိ စားသောက်ဆိုင်နှင့်  လက်ဖက်ရည်ဆိုင်များအထိ ဝင်ရောက်စစ်ဆေးခဲ့ပြီး နွေဦးတော်လှန်ရေးုရုပ်ပုံများ၏ ဆန္ဒပြပွဲအကြောင်းများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ထားသူများကို ဖမ်းဆီးခေါ်ဆောင်သွားသည့်သတင်းများထွက်ပေါ်ခဲ့သော်လည်း မွန်သတင်းအေဂျင်စီက အတည်ပြုနိုင်ခြင်းမရှိပေ။

သို့ရာတွင် ကျေးရွာအုပ်စုများအနေဖြင့် လူအဝင်အထွက် စစ်ဆေးခြင်းမရှိသည့်အပြင် ညွှန်ကြားလာမှုလည်းမရှိကြောင်း သံဖြူဇရပ်မြို့နယ် ဝဲရက်ကျေးရွာအုပ်ချုပ်ရေးမှုးက ပြောသည်။

“အားလုံးကပုံမှန်ပါပဲ ကျေးရွာမှာဆိုတော့ ထူးထူးခြားခြားဘာမှတော့မရှိဘူး၊ ဆန္ဒပြတဲ့ လူငယ်တွေကိုလည်း ဂရုစိုက်ကြပါလို့ ပြောချင်တယ်”ဟု အုပ်ချုပ်ရေးမှုးက ဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လူဦးရေးသိန်းသန်းနှင့်ချီသော ပြည်လုံးကျွတ် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီးနောက်တစ်ရက်တွင် မြို့အဝင်အထွက်ဂိတ်များ၌ စစ်သားနှင့်ရဲများ အင်အားတိုးချထားပြီး ခရီးသွားများအား စစ်ဆေးမှုများပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ယူဆသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...