DMG မှ ဒုတာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်အမျိုးသမီးတစ်ဦးတို့ကို ၆၆ (ဃ) အပြင် တပ်မတော်ကို အကြည်အညိုပျက်စေမှုဖြင့် ထပ်တိုးအမှုဖွင့်

DMG မှ ဒုတာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်အမျိုးသမီးတစ်ဦးတို့ကို ၆၆ (ဃ) အပြင် တပ်မတော်ကို အကြည်အညိုပျက်စေမှုဖြင့် ထပ်တိုးအမှုဖွင့်

ထွန်းခိုင် - ယနေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က စစ်တွေမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းက ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ ဒု-တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက်မနှင်းနွယ်တို့ကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။

ယနေ့စစ်ဆေးရာတွင် ၎င်းတို့နှစ်ဦးကို ယခင်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အပြင် တပ်မတော်ကို အကြည်အညို ပျက်စေမှု ပုဒ်မ နောက်တစ်ခုနှင့်ပါ အမှုဖွင့်ထားကြောင်း ရဲအရာရှိက ပြောကြားခဲ့သည်ဟု ကိုနေဝင်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ ဒု-တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက်မနှင်းနွယ်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ဇန်နဝါရီ ၂၂ ရက်နေ့က အမှုဖွင့်ခံခဲ့ရပြီး ဇန်နဝါရီလ ၂၇ ရက်နေ့က တပ်မတော်ကို အကြည်အညို ပျက်စေမှုဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် ဗိုလ်မှူး ဘုန်းမြင့်ကျော်က ထပ်မံ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

“ ကျနော်တို့ကို ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီးတော့ ထပ်ပြီးတော့ ရဲစခန်းက ခေါ်တယ်ပေါ့။ အဓိကတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ တရားရုံးမှာ တပ်မတော် ကနေပြီးတော့ ဦးတိုက်လျှောက်ထားတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းက ခေါ်ယူ စစ်ဆေးတာပေါ့။ အခုဦးတိုက်လျှောက်ထားတာကတော့ တပ်မတော်ကို အကြည်အညိုပျက်စေတယ်။ ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုတဲ့ဟာနဲ့ ဦးတိုက်လျှောက်ထားတာပါ ” ဟုပြောသည်။

လွန်ခဲ့သော ဇန်နဝါရီလ ၁၀ ရက်နေ့က “ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်က ယူဆောင်သွား”  ဆိုသော ခေါင်းစဉ်ဖြင့် DMG  က သတင်းရေးသား တင်ပြခဲ့သည်။

အဆိုပါသတင်းကို ဖော်ပြခဲ့ခြင်းမှာ  တပ်မတော်ကို အကြည်အညိုပျက်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသား ဖော်ပြခဲ့ခြင်းမဟုတ်ဟု ကိုနေဝင်းစံက ဆက်ပြောသည်။

“ကျနော်တို့ အဲဒီ သတင်းတင်တဲ့အခါမှာလည်း တပ်မတော်ကို အကြည်အညိုပျက်စေလိုတဲ့ ရည်ရွယ်ချက်လုံးဝမပါဘူး။ ဒေသခံတွေ ထိခိုက်နစ်နာပါတယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ဦးစားပေး ဖော်ပြတယ်။ နောက်ပြီးတော့ သတင်းမီဒီယာဥပဒေအတိုင်းလည်း ကျနော်တို့လုပ်ဆောင်ခဲ့တယ်။ တပ်မတော်ဘက်ကိုလည်း မေးခဲ့တယ်။ မေးလို့ မရခဲ့တဲ့အကြောင်းလည်း ဖော်ပြထားခဲ့တယ်။ အဲဒီအပေါ်မှာ ၆၆ (ဃ) အပြင် အခုတပ်မတော်ကို အကြည်အညိုပျက်စေတယ်ဆိုတဲ့ဟာမျိုးနဲ့ပါ ထပ်စွဲလာတော့ ကျနော်တို့အတွက် စိုးရိမ်စရာတွေဖြစ်လာပြီပေါ့ ” ဟုပြောသည်။

DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း ပြီးခဲ့သော ၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က သတင်းတပ်ဖွဲ့ (SB) က တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၂)ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

၎င်းအပြင် ယင်းသတင်းဌာန၏ မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းအားလည်း ပြီးခဲ့သော ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက  တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် DMG သတင်းဌာနမှ အယ်ဒီတာနှစ်ဦး၊ သတင်းထောက်နှစ်ဦး စုစုပေါင်း ၄ ဦး အမှုဖွင့်ခံထားရကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...