ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်၊ သောက်သုံးရေကို မြောင်းထဲမှ အသုံးပြုနေရဟုဆို

ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်၊ သောက်သုံးရေကို မြောင်းထဲမှ အသုံးပြုနေရဟုဆို

ချစ်အိလှိုင် - ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် ဇန်နဝါရီ ၂၂ ရက်နေ့ နောက်ပိုင်းမှ စပြီး ရိက္ခာအထောက်အပံ့မရသဖြင့် လူ ၁ဝဝဝ နီးပါးခန့်အတွက် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။

၎င်းပြင် အနီးအနားရှိ ကျေးရွာများမှ သောက်သုံးရေခပ်ခွင့် မရတော့သဖြင့် ရေရှားပါးနေပြီး မြောင်းထဲမှ ရေကို အသုံးပြုနေရကြောင်း ၎င်းတို့က ပြောကြားသည်။

ဆန်နှင့် စားနပ်ရိက္ခာများပြတ်လပ်နေသည့်အတွက် စခန်းအတွင်း ငွေကြေးလုံးဝမရှိသူများအနေဖြင့် အခက်အခဲရောက်နေကြရပြီး သောက်သုံးရေပြတ်လပ်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်၍ စခန်းအနီး ရထား လမ်းဘေးမှ ရေမြောင်းထဲရှိရေကို သောက်သုံးနေရကြောင်း ၄င်းစစ်ဘေးရှောင်စခန်းမှ ဒေါ်မှည့်နီကပြောသည်။

“ ထမင်းငတ်နေကြပါပြီ။ ထမင်းတောင်ငတ်ပါတယ်ဆိုမှ ဟင်းနဲ့ငါးကိုပြောမနေပါနဲ့တော့ရှင်။ အမျိုးသမီး အသုံးအဆောင်တွေလည်းမရှိတော့ဘူး။ အဲဒါတွေက အဓိကမကျပါဘူး။ ထမင်းငတ်နေကြတာကသာပြသနာပါ” ဟုပြောသည်။

၄င်းတို့ စစ်ဘေးရှောင်စခန်းကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) မှ လစဉ်ထောက်ပံ့ပေးပြီးခဲ့သော်လည်း ယခင် ဇန်နဝါရီ ၂၂ ရက်နေ့က နောက်ဆုံးပေးခဲ့ခြင်းဖြစ်ကြောင်း သူမကပြောသည်။

၄င်းရေဖြူကန်စခန်းတာဝန်ခံ ဦးမောင်အေးချေက “ ကျွန်တော်တို့စားနပ်ရိက္ခာမရတာ ရက်အတော်ကြာနေပါပြီ။ တောင့်ခံလို့လည်း မရတော့ပါဘူး။ ငတ်တဲ့လူကငတ်နေကြပါပြီ။ ရေကလည်းရထားလမ်းဘေးနားက မိုးရာသီတင်ကျန်ခဲ့တဲ့ မြောင်းတွေက သောက်သုံးနေရပါတယ်။ အဲဒီမှာ ကျွဲ၊ နွားတွေလည်း ရေသောက်တယ်။ ရေကညစ်ပတ်နေတယ်” ဟုပြောသည်။

၄င်းတို့အနေဖြင့် လွန်ခဲ့သည့် ၂ လခန့်မှစ၍ ရေဖြူကန်ကျေးရွာရေကန်များနှင် ရေပေါက်ချောင်းကျေးရွာမှ ရေကန်မှ ရေခပ်ခွင့်ရခဲ့သော်လည်း ၄င်းရေကန်များခမ်းလာသဖြင့် ရေခပ်ခွင့်မရတော့ကြောင်း သူကဆက်ပြောသည်။

ရေဖြူကန်ကျေးရွာတွင် လူဦးရေ ၈၈၉ ဦးနှင့် အိမ်ထောင်စု ၂၂၄ ဦးတို့ခိုလှုံနေကြကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ သူ့မှာ ပြောင်းရွှေ့သွားပြီဟု အကြောင်းပြန်သဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...