ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုတို့တွင် လာရောက်တည်းခိုသည့် ဧည့်သည်များရှိပါက ဧည့်စာရင်းတိုင်ကြား ကြရန် ဥပဒေပြဋ္ဌာန်းထားပြီး ယင်းသို့တိုင်ကြားခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းကပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်ဥပဒေ၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည်များအတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်လျှင် အရေးယူခြင်းများ လုပ်ဆောင်ရန်ပါရှိသည်။
ယင်းဥပဒေအရ ပြည်သူများအနေဖြင့် ချမှတ်ထားသည့်စည်းကမ်းများကိုလိုက်နာကာ ဧည့်စာရင်းတိုင်ကြား ကြရန်နှင့် တိုင်ကြားမှုမရှိပါက အရေးယူသွားမည်ဟု ဗိုလ်မှူးကြီးမင်းသန်းကဆိုသည်။
“နိုင်ငံတော်ကကြေငြာပြီးကတည်းက ရခိုင်မှာလည်းစအသုံးပြုနေတာ။ မလိုက်နာတဲ့သူတွေကတော့ ဥပဒေ အရပဲပေါ့။ ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းပဲ။ မလိုက်နာတဲ့သူဆိုရင်လည်း မလိုက်နာတဲ့အလျှောက် တာဝန်ခံရ မှာပေါ့” ဟု ၎င်းကပြောသည်။
စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက မြို့သူ၊မြို့သားများအနေဖြင့် နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများကိုလိုက်နာကာ ဧည့်စာရင်းလာရောက်တိုင်ကြားမှုများရှိကြောင်း ပြောသည်။
“စည်းကမ်းကတော့လိုက်နာကြတယ်၊ ဧည့်စာရင်းတိုင်ရမယ့်ပုံစံတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြပေးနေပါတယ်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ကျနော်တို့အိမ်မှာတော့ ဘယ်သူ၊ဘယ်ဝါ ရောက်နေ ပါတယ်ဆိုပြီး သွားတိုင်ကြားရင် အုပ်ချုပ်ရေးမှူးတွေကလိုအပ်တာတွေကို မေးတာလောက်ပါပဲ။ သီးသန့်ကြီး စာတစ်တန်၊ပေတစ်တန်ဖြည့်ပြီး လျှောက်ရတဲ့ပုံစံမျိုးတော့မဟုတ်ပါဘူး” ဟု ဦးအောင်ဇော်ဦးကပြောသည်။
နိုင်ငံတော်အား အုပ်ချုပ်နေသည့်အစိုးရတစ်ရပ်က ထုတ်ထားသည့်ဥပဒေကို အစိုးရ၏ လက်အောက်တွင် နေထိုင်နေသည့် ပြည်သူတစ်ဦးအနေဖြင့် လိုက်နာသွားရမည်ဖြစ်ကြောင်း စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သည့် ဦးမောင်သာစိန်က ပြောသည်။
“လောလောဆယ်တိုင်တာတော့ မရှိသေးဘူး။ ဧည့်သည်ရောက်လာရင်တော့ တိုင်ရမှာပေါ့။ ဒါက နိုင်ငံကို အုပ်ချုပ်နေသူက ထုတ်ထားတဲ့အမိန့်ပဲလေ။ ပြီးတော့ ဧည့်စာရင်းတိုင်တာကလည်း အပန်းမကြီးပါဘူး။ ကိုယ့်အိမ်မှာရောက်နေတဲ့သူရဲ့ နာမည်၊မှတ်ပုံတင်နံပါတ်လောက်ပါပဲ။ အစိုးရကထုတ်ထားတဲ့ဥပဒေကို အစိုးရ အုပ်ချုပ်မှုအောက်မှာနေတဲ့ပြည်သူတွေက မလိုက်နာလို့မရဘူးလေ။ တကယ်လို့ ဧည့်စာရင်းမတိုင်လို့ အရေးယူရင်ရော ဘယ်သူတာဝန်ယူမှာလဲပေါ့’’ ဟု ၎င်းကဆိုသည်။
အကယ်၍ ပြည်သူများအနေဖြင့် ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ခဲ့ပါက ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ်နှင့် ငွေဒဏ်ပေးဆောင်ရန်ပျက်ကွက်ပါက (၇)ရက်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။







