စစ်တွေတွင် ဆိုင်ကယ်သူခိုး ၂ ဦးကို ဆိုင်ကယ် ၄ စီးနှင့်အတူ ဖမ်းမိ

စစ်တွေတွင် ဆိုင်ကယ်သူခိုး ၂ ဦးကို ဆိုင်ကယ် ၄ စီးနှင့်အတူ ဖမ်းမိ
by -
နိရဥ္စရာ
စစ်တွေမြို့တွင် ဆိုင်ကယ်သူခိုး ၂ ဦးကို ဆိုင်ကယ် ၄ စီးနှင့် အတူ ဖမ်းမိခဲ့သည်ဟု စစ်တွေမြို့ မြို့မ ရဲစခန်းမှ သိရသည်။ ပထမဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ညဥ့်အချိန်ခန့်က စစ်တွေမြို့မ ရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ်ဘရှင် ဦးဆောင်သောအဖွဲ့သည် မောလိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တရားသီးစု ရပ်ကွက်မှ ရပ်မိရပ်ဖက်များနှင့်အတူ လှည့်ကင်း ဆောင်ရွက်စဉ် ဦးဥတ္တမလမ်းနှင့် မင်းဗာကြီးလမ်းထောင့်တွင် ဆိုင်ကယ်စီးလာသော မသင်္ကာဖွယ်လူတစ်ဦးကိုတားရာ ဆိုင်ကယ်ကို ထားပြီးထွက်ပြေးသွားခဲ့သော်လဲ နောက်ပိုင်းတွင် သူ့အား ပြန်လည် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ခိုးရာပါဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသူမှာ စစ်တွေမြို့နယ် သက္ကေပြင်အုပ်စု မော်ဆီးညှာ ဒုက္ခသည် စခန်းနေ အာမီတူဆောင်း (ခ) ယူတီးယာ (၁၉) နှစ် (ဘ) ဘော်ရှီးရာမောက်ဖြစ်ပြီး ခိုးရာပါ ဆိုင်ကယ်မှာ ၅၃-ယ/၅၄၆၀၅ ၊ Honda Dream 125 NCX အမျိုးအစားဖြစ်သည်ဟု ဆိုသည်။

အဆိုပါဆိုင်ကယ်ကို စစ်တွေမြို့ မောလိပ်ရပ်ကွက် ရေတွင်းလမ်းနေအိမ်မှ အိမ်ခြံတံခါးသော့ကို ဖျက်ဆီးပြီး ၀င်ခိုးလာခြင်းဖြစ်သည်။

“ကျွန်တော့်ဆိုင်ကယ်က ၁၉ သိန်းကျပ် တန်ဖိုးရှိပါတယ်။ ပျောက်တာက ၂၁ ရက်နေ့ နံနက်စောစောကပါ။ ကံကောင်းချင်တော့ အဲ့ဒီမနက်မှာဘဲ စစ်တွေမြို့ မြို့မရဲစခန်းက ဆိုင်ကယ်ကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒီဆိုင်ကယ်ပျောက်တာ ဒီတခါနဲ့ဆို ၂ ခါ ရှိပြီ၊ ရဲက သူခိုးကို ဖမ်းမိလို့သာ ပြန်ရတာပါ။ ၂၀၁၆ ခုနှစ်တုန်းကလည်း Smash တစီး ပျောက်ဖူးပါတယ်၊ အခုထိ ပြန်မရသေးဘူး”ဟု ဆိုင်ကယ်အခိုးခံရပြီး ဆိုင်ကယ်ကို ပြန်ရရှိခဲ့သူ ကိုစိုးမင်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဆိုင်ကယ်နှင့်အတူ ဖမ်းမိသည့် အာမီတူဆောင်းအား ရဲက စစ်ဆေးမေးမြန်းရာ ဆေးသမားကြီး ကယ်ဆယ်ရေးစခန်းတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည်ကို သိရှိရပြီး သွားရောက် စစ်ဆေးရာ နောက်ထပ် ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဒုတိယဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ နံနက်၂ နာရီခွဲအချိန် နယ်ထိန်းတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း ဦးဆောင်သော အဖွဲ့သည် မောလိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်လှစိန်နှင့် ရပ်မိရပ်ဖများနှင့်အတူ လှည့်ကင်း ဆောင်ရွက်စဉ် ကျောင်းကြီးလမ်းရပ်ကွက်၊ ကျောင်းကြီးလမ်းတွင် မသင်္ကာဖွယ် ဆိုင်ကယ်စီးလာသူ တစ်ဦးကို တားမြစ် စစ်ဆေးခဲ့ရာ ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ရဲအရာရှိက ပြောကြားသည်။

ခိုးရာပါဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသူမှာ စစ်တွေ မင်းဂံ အကွက် (၈) နေ မောင်ကျော်လင်းနိုင် (ခ) အောက်သားချေ (၁၉) နှစ် (ဘ) ဦးမောင်မောင်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဆိုင်ကယ်မှာ ၁၄ သိန်းကျပ် တန်ဖိုးရှိ TVS အမျိုးအစားဖြစ်ပြီး၊ နှစ်ဆန်း ၁ ရက် ဧပြီလ ၁၇ ရက်နေ့တွင် စစ်တွေဟိုတယ်အနီး ရပ်ထားသောဆိုင်ကယ်ကို ခိုးလာခြင်းဖြစ်ကာ ဆိုင်ကယ်ကာဘာများကို ရိုက်ချိုးဖျက်ဆီးထားသည်ကို တွေ့ရှိရသည်။

ခိုးရာပါဆိုင်ကယ်များနှင့် အတူ ဖမ်းဆီးရမိသော အာမီတူဆောင်း (ခ) ယူတီးယာနှင့် မောင်ကျော်လင်းနိုင် (ခ) အောက်သားချေတို့ကို ပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ထားသည်ဟု စစ်တွေမြို့မ ရဲစခန်း နယ်ထိန်း ဒုရဲအုပ် ဘရှိန်က ပြောသည်။

ဆိုင်ကယ်သူများအနက် အဓိက ဂိုဏ်းဖွဲ့ ခိုးနေကြသူများမှာ ယခင်က နာဇီရွာ ရပ်ကွက်တွင် နေထိုင်ဖူးသူ ဘင်္ဂလီများဖြစ်ပြီး၊ ညနေမှောင်စအချိန်တွင် စစ်တွေမြို့တွင်းသို့ ၀င်ရောက်လာကြပြီး၊ ရေမြောင်းများတွင် ပုန်းဝှက်နေကြပြီးမှ အများပြည်သူများ အိပ်နေချိန်တွင် ခိုးယူကြခြင်းဖြစ်သည်ဟု ရဲများ၏ စစ်ဆေးချက်အရ သိရှိရကြောင်း ပြောပြသည်။

စစ်တွေမြို့ပေါ်တွင် ည လူခြေတိတ်ချိန် လှည့်ကင်းများထွက်၍ ဆိုင်ကယ်သူခိုးများကို နှိမ်နင်းလာရာ သူခိုးအမြားအပြားကို ဖမ်းဆီးရခဲ့ပြီး ဆိုင်ကယ်ပျောက်မှု ယခင်ကထက် လျော့ကျလာသည်ဟု စစ်တွေ မြို့မရဲစခန်းမှ တာဝန်ရှိသူများ ပြောကြားချက်အရ သိရှိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...