မော်လမြိုင်မြို့ပေါ်တွင် နှစ်ငါးလုံးနွေဦးတော်လှန်ရေး ပြည်သူသိန်းနှင့်ချီ ဆန္ဒထုတ်ဖော်

မော်လမြိုင်မြို့ပေါ်တွင် နှစ်ငါးလုံးနွေဦးတော်လှန်ရေး ပြည်သူသိန်းနှင့်ချီ ဆန္ဒထုတ်ဖော်
by -
စိုင်းထွန်းစံ (MNA)

စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်သညနှစ်ငါးလုံးနွေဦးတော်လှန်ရေး အထွေထွေသပိတ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်၌ ဆန္ဒပြသည့် (၁၆) ရက်နေ့မြောက်အဖြစ် အလွှာပေါင်းစုံမှ ပါဝင်လာကြပြီး သိန်း နှင့်ချီသော ပြည်သူများ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သပိတ်ကို ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့မီးရထားဝန်ထမ်း (မော်လမြိုင်)၊ မြန်မာ့စာတိုက်လုပ်ငန်း (မော်လမြိုင်)၊ မြန်မာနိုင်ငံရှေ့နေများ၊ ပုဂ္ဂလိကအာမခံလုပ်ငန်း ဝန်ထမ်းများ၊ ဆေးကုမ္ပဏီဝန်ထမ်းများအဖွဲ့ (မော်လမြိုင်)၊ မော်လမြိုင်တက္ကသိုလ်များမှ ကျောင်းသားသပိတ်၊ အထက (၁) မော်လမြိုင် ကျောင်းသား/ ကျောင်းသူဟောင်းများ၊ မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား/ ကျောင်းသူများ၊ အမှတ် (၁) ဈေးသူ/ ဈေးသားများ၊ မြန်မာမွတ်စ်လင်မ်များနှင့် မြို့ခံပြည်သူလူထုများ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

 

အဆိုပါ ဆန္ဒပြပွဲ၌ “We Don’t Accept MILITARY COUP”, “END THE DICTATORSHIP IN MYANMAR”, “Respect Human Rights”, “STOP VIOLENCE”, “GET OUT DICTATOR”, “GIVE BACK DEMOCRACY”, “JOIN IN CDM”, “ပြိုင်တူစုရုံး နှစ်ငါးလုံး”၊ “ရုံးမတက်နဲ့ ရုန်းထွက်” စသော ပိုစတာဆိုင်းဘုတ် အသီးသီးကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့သည်။

 

သို့ရာတွင် မော်လမြိုင်မြို့ပေါ်ရှိ ဈေးကြီးများ၊ အခြေခံစားသောက်ကုန်ဆိုင်များ၊ စားသောက်ဆိုင်များသည်လည်း ယနေ့(ဖေဖော်ဝါရီ ၂၂ရက်)ဆန္ဒပြပွဲ၌ ပါဝင်လာသဖြင့် တစ်မြို့လုံးရှိ ဆိုင်အားလုံးနီးပါး တစ်နေ့တာ ပိတ်လိုက်ကြောင်း သိရသည်။

 

အလားတူ သံဖြူဇရပ်မြို့နှင့် ရေးမြို့တို့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်သည့် နှစ်ငါးလုံး နွေဦးတော်လှန်ရေးတွင် သောင်းနှင့်ချီသော လူထုများ ဆန္ဒပြခဲ့ကြပြီး၊ ယင်းတစ်မြို့လုံးရှိ ဈေးဆိုင်အားလုံးနီးပါးလည်း တစ်နေ့တာ ပိတ်လိုက်သည်ဟု သတင်းရရှိသည်။

 

မြန်မာနိုင်ငံတဝန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် နယ်မြို့များအားလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်းမြင့် နေ့စဉ်ဆက်လက်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

 

နှစ်ငါးလုံး အထိမ်းအမှတ် နေပြည်တော် ပျဉ်းမနားမြို့ လူထုဆန္ဒပြပွဲအား ရဲနှင့်စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးသွားကြောင်း၊ သတင်းရုပ်သံရိုက်ကူးနေသော သတင်းထောက်များကိုလည်း သေနတ်ချိန်၍ အင်အားသုံးဖမ်းဆီးရန်ကြိုးစားသဖြင့် ထွက်ပြေးခဲ့ရကြောင်း နေပြည်တော်အခြေစိုက်သတင်းထောက်များထံမှ သိရသည်။

 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...