အေအေနဲ့ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူများ၏ အမှုများကို ရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များလိုလား

အေအေနဲ့ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရသူများ၏ အမှုများကို ရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များလိုလား

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူများ၏ အမှုများကို ပုံမှန်ရုံးထုတ်ပြီး မြန်မြန်ဆန်ဆန်စစ်ဆေးပေးရန် မိသားစုဝင်များက လိုလားနေကြသည်။

လက်ရှိမှာ ရုံးထုတ်စစ်ဆေးမှု ကြန့်ကြာနေခြင်းကြောင့် ဖမ်းဆီးခံထားရသူများအတွက် နစ်နာမှုရှိခြင်း၊ အမှု ကြန့်ကြာလာသည်နှင့်အမျှ မိသားစုဝင်များ ငွေကြေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့လာနေရကြောင်း ဆိုကြသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများ၏အမှုကို ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာလည်း (၇)လခန့် ကြာမြင့် နေပြီဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် ကိုဦးလှမောင်(၂၄)နှစ်၏ မိခင် ဒေါ်စံသာနုက ပြောသည်။

“အခုနယ်မြေကတည်ငြိမ်နေလို့ ကိုယ့်ရပ်ရွာကိုသွားပြီး ထင်းတွေဘာတွေခုတ်ရောင်းတယ်။ သားဆီကိုလည်း သွားဖို့၊ အိမ်မှာလည်းသုံးဖို့ ဝင်ငွေအတွက် အဲလိုရှာနေရတယ်။ ကြောက်ကြောက်လန့်လန့် တောတောင်ထဲ ဝင်ရတယ်” ဟု ဒေါ်စံသာနုက ဆိုသည်။

ဒေါ်စံသာနုမှာ ဖမ်းဆီးခံထားရသည့်သားဖြစ်သူထံသို့ ယခင်က တစ်လလျှင် နှစ်ကြိမ်၊သုံးကြိမ်မျှ ထောင်ဝင်စာ သွားတွေ့နိုင်ခဲ့သော်လည်း လက်ရှိမှာ ငွေကြေးအခက်အခဲကြောင့် နှစ်လလျှင် တစ်ကြိမ်မျှသာ ထောင်ဝင်စာ သွားတွေ့နိုင်တော့ကြောင်း ပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက သံသယဖြင့်ဖမ်းဆီးခံခဲ့ရပြီး တရား ရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ သံသယဖြင့်ဖမ်းဆီးခံထားရသည့် ရွာသား ၅ ဦး၏ အမှုကိုလည်း ရုံးထုတ်ပြီး မြန်မြန်စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

၎င်းတို့တွင် အပြစ်ရှိလျှင် ဥပဒေနှင့်အညီဆောင်ပေးရန်နှင့် အပြစ်မရှိပါက အမြန်ဆုံးပြန်လွှတ်ပေးစေ လိုကြောင်း ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးကပြောသည်။

“ကျွန်မတို့က ရုံးထုတ်စစ်ဆေးစေချင်တယ်။ အပြစ်မရှိရင် လွှတ်ပေး၊ အပြစ်ရှိရင်ထောင်ချပေး၊ အဲလိုဘဲ ပြောချင်တယ်။ အခုက ဖမ်းဆီးထားတာဆယ့်တစ်လလောက်ရှိပြီ၊ ဘာမှအပြစ်မရှိဘဲနဲ့။ ကျွန်မသား တစ်ယောက်တည်းအတွက်ပြောချင်တာမဟုတ်ဘူး။ အပြစ်မရှိတဲ့ လူတွေအားလုံးအတွက်ပြောတာ” ဟု ဒေါ်နီနီအေးက ဆိုသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရား ရင်ဆိုင်နေကြရပြီး ၎င်းတို့ဖမ်းဆီးခံရစဉ်က တပ်မတော်ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်မှု များကိုလည်း ခံခဲ့ကြရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများမှာလည်း ၅ လခန့်ကြာသည်တိုင် ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ ထိန်းသိမ်းခံထားရသဖြင့် ရုံးထုတ်စစ်ဆေးပေးရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တောင်းဆိုထားသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “လူတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်း ထားပြီးတော့ တရားဥပဒေအရစစ်ဆေးခြင်းလည်းမပြုဘဲ ဒီအတိုင်းအကျဉ်းထောင်ထဲမှာထည့်ထားလိုက်တာ မင်းမဲ့စရိတ်ဆန်တဲ့ လုပ်ရပ်တစ်ခုလို ကျွန်တော်အနေနဲ့ထင်မှတ်တယ်။ ဒီအေပါ်မှာ အာဏာပိုင်တွေ အနေနဲ့လည်း ဖြေရှင်းပေးဖို့တောင်းဆိုချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာကာလ အတွင်းမှာ AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများနှင့် တရားစွဲခံရသူ ၃၆၂ ဦးအထိရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့၏ စာရင်းအရ သိရသည်။

ယင်းတို့ထဲမှ တရားရုံးမှ ပြန်လည်လွတ်မြောက်သွားသူများမှာ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၅ ဦး၊ စုစုပေါင်း ၇၈ ဦးရှိခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် သံသယဖြင့်ဖမ်းဆီးခံထားရသူများထဲမှ အများစုမှာ အိမ်ထောင်သည်များဖြစ်ကြသည့်အတွက် မိသားစုဝင်များမှာလည်း အိမ်ထောင်ဦးစီးများဖမ်းဆီးခံထားရသည့် အတွက် ဘဝရပ်တည်ရေးခက်ခဲလျက်ရှိနေကြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...