အမ်းမြို့နယ်က မိုင်းနင်းထိလူနာ စစ်တွေဆေးရုံသို့ ရောက်ရှိလာ

အမ်းမြို့နယ်က မိုင်းနင်းထိလူနာ စစ်တွေဆေးရုံသို့ ရောက်ရှိလာ

မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ သရက်ပင်ချောင်း ကျေးရွာမှ ဦးမောင်သိန်းဌေး အသက် (၃၅)နှစ်ကို ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံမှ စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ မနေ့က ယူဆောင်လာခဲ့သည်။

၎င်းလူနာကို ရွှေရောင်မေတ္တာပရဟိတ အသင်းကားဖြင့် ယူဆောင်လာရာ ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က စစ်တွေဆေးရုံသို့ ရောက်ရှိလာကြောင်း အစ်ကိုဖြစ်သူ ဦးမောင်သိန်းရွှေက ပြောသည်။

“ ဒဏ်ရာပြင်းထန်တဲ့အတွက် အဲဒီမှာ ကုသလို့မရဘူး။ ဆရာဝန်တွေကလည်း စစ်တွေဆေးရုံကို သွားခိုင်းတယ်။ ကျနော်တို့ကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ သူတွေဖြစ်တယ်။ စစ်တွေဆေးရုံကို သွားဖို့အတွက်ကလည်း မတတ်နိုင်ဘူး။ အဲဒါနဲ့ ဟိုက ပံ့ပိုးပေး။ ဒီကပံ့ပိုးပေးနဲ့ အခက်အခဲပေါင်း များစွာနဲ့ ရောက်လာရတာဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းလူနာမှာ ဒဏ်ရာပြင်းထန်သော်လည်း သတိမပျက်ဘဲရှိနေကြောင်း ၎င်းက ပြောကြားသည်။

ဦးမောင်သိန်းဌေးသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁ဝ နာရီခန့်က ကြိမ်ခုတ်ရန်သွားစဉ် အမ်းမြို့နယ် အုန်းတည်ချောင်း တံတားအနီးတောင်ကုန်းပေါ်တွင် မြေမြုပ်မိုင်းနင်းမိပြီး ညာဖက်ခြေ ဒူးဆစ်အောက်ဖက်မှ ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆင်းရဲသားပြည်သူများမှာ တောတောင်များကို မှီခိုစားသောက်နေရသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သော တောတောင်ဧရိယာများအား သက်ဆိုင်ရာမှ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေချင်ကြောင်း သူကဆက်ပြောသည်။

“ကျနော်တို့လို လက်လုပ်လက်စားလူတွေ၊ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ ဆင်းရဲသူ၊ ဆင်းရဲသားတွေ အနေနဲ့ ဒီလို့ အခက်အခဲတွေနဲ့တော့ တွေ့မှာဖြစ်တယ်။ ဒါကြောင့် ဒီမိုင်းတွေကို ရှင်းလင်းပြီးတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ဖို့ဟာကို လိုလားပါတယ်” ဟုပြောသည်။

August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...
August 7, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာ ၁၀၆ ရွာတို့တွင် ဩဂုတ်လ ၆ ရက်နေ့အထိ...
August 6, 2026
ရခိုင်ပြည်၊ ဂွနှင့် သံတွဲမြို့နယ်တို့၏ ကောင်းကင်ယံတွင် စစ်တပ်၏ လေယာဉ်များ...
August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...