စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေစဥ် တပ်မတော်ထောက်ခံသူများ မော်လမြိုင်မြို့သို့ စုဝေးရောက်ရှိလာ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေစဥ် တပ်မတော်ထောက်ခံသူများ မော်လမြိုင်မြို့သို့ စုဝေးရောက်ရှိလာ
တပ်မတော်ထောက်ခံသည့်လူအုပ်စု မော်လမြိုင်မြို့သို့ စုရုံးရောက်လာစဥ် (MNA)
တပ်မတော်ထောက်ခံသည့်လူအုပ်စု မော်လမြိုင်မြို့သို့ စုရုံးရောက်လာစဥ် (MNA)

စိုင်းထွန်းစံ — စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြနေစဥ် တပ်မတော်နှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထောက်ခံသူ မွန်ပြည်နယ် ၁၀ မြို့နယ်မှအစုအဖွဲ့ များ မော်လမြိုင်မြို့ပေါ်သို့ ယနေ့တွင် စုဝေးရောက်ရှိလာကြောင်း သတင်းရရှိသည်။

တပ်မတော်ထောက်ခံသူများသည် မွန်းတည့်အချိန်ခန့်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်းရေပေါ်ဈေးသို့ စုဝေးရောက်ရှိလာပြီး "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြိုဆိုပါသည်" စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည်ခြင်းဖြစ်သည်။

သို့သော် တပ်မတော် ထောက်ခံသူများ မြို့ပေါ်လှည့်လည်ရာတွင် မော်လမြိုင်မြို့ခံများ လက်မခံသဖြင့် လမ်းတလျှောက်တွင် သံပုံးတီး ကန့်ကွက်ခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းသို့အနေအထားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြအုပ်စုနှင့် တပ်မတော်ထောက်ခံသည့်အုပ်စုအကြား ထိပ်တိုက်တွေ့ဆုံမည့်အရေး စိုးရိမ်ရကြောင်း မြို့ခံအချို့ထံမှသိရသည်။

တပ်မတော်၏ စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံရန် အင်အား ရာချီသော အခြားဒေသများမှ လူစိမ်းများ မော်လမြိုင် မြို့ကိုစုဝေး ရောက်ရှိလာခြင်းဖြစ်ရာ ၄င်းတို့၏ လှုပ်ရှားမှုကို အထူးသတိထားစောင့်ကြည့်နေရကြောင်း ဆန္ဒပြကျောင်းသားတစ်ဦးက ဆိုသည်။

ရဲနှင့်စစ်တပ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မော်လမြိုင်တက္ကသိုလ်အနီးတွင် ယမန်နေ့က ဆန္ဒပြကျောင်းသားများကို သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ကျောင်းသား/သူများအပါအဝင် ဝန်းရံသူ (၉) ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ရာ မြို့ခံလူထုတောင်းဆိုဆန္ဒပြမှုအပြီးတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး လူ ၅ ဦးမစုရနှင့် ပုဒ်မ ၁၄၄ ကာဖျူး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...