ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကြောင့် လက်လုပ်လက်စားပြည်သူများ အခက်အခဲဖြစ်

ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကြောင့် လက်လုပ်လက်စားပြည်သူများ အခက်အခဲဖြစ်
မီးခွက်ဈေး (Red News Agency)
မီးခွက်ဈေး (Red News Agency)

ယဉ်ထောမွန် — မွန်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် သာမန်လက်လုပ်စားပြည်သူများအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်အသီးသီးသို့ အချိန်မီ ဝင်ထွက်သားလာနိုင်ရန် အခက်အခဲရှိလာကြောင်း မွန်သတင်းအေဂျင်စီကို ပြောသည်။

သံဖြူဇရပ်မြို့ပေါ်  မီးခွက်ဈေးတွင် အသီးအရွက်ရောင်းဝယ်သူ ဒေါ်လှဆီက “မီးခွက်ဈေးဆိုတော့ ပုံမှန်ဆိုရင်မနက်အစော ၂ နာရီ ၃ နာရီလောက် အရောင်းအဝယ်လုပ်ကြတယ် ပြီးတော့မှ ကိုယ့်ရွာကို ပြန်ရောင်းတယ်၊ ခုဆိုရင် အမိန့်တွေထုတ်ပြန်ထားတော့ ကျွန်မတို့လည်း မထွက်ရဲဘူးလေ အဲတော့ ကျွန်မတို့က မနက်စောကြီးအစား နေ့ခင်းဘက်ကို အရောင်းဝယ်လုပ်ရတော့ နေပူတယ် အရမ်းပင်ပန်းတယ်”ဟု ပြောသည်။

အလားတူပင် ရော်ဘာခြစ်သည့် ခြံလုပ်သားများသည်လည်း မိမိတို့သည် ညဘက်တွင်လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်သောကြောင့် စိုးရိမ်မှုတွေလည်းရှိနေကြောင်း ပငကျေးရွာမှ ရော်ဘာအစေးခြစ်လုပ်သား နိုင်စိုက်ရော့ဒ်က ပြောသည်။

“ကြောက်တယ်လို့တော့မဟုတ်ပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုတော့ ဒါပေမယ့် ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာဆိုတော့ နည်းနည်းသတိထားရတယ်၊ တစ်ခါတစ်လေကျရင် ကိုယ့်အချင်းချင်း ခြောက်လှန့်နေကြတာလည်း ရှိတတ်တာပေါ့” ဟု နိုင်စိုက်ရော့ဒ်က ပြောသည်။

ထို့အပြင် စားသောက်ဆိုင် လမ်းဘေးဆိုင် တွန်းလှည်းဆိုင်များသည်လည်း ည ၈ နာရီ မထိုးမီအချိန်တွင် ဆိုင်များပိတ်သိမ်းကာ မိမိတို့နေအိမ်အရောက်ပြန်ကြရကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ကျိုက်ထိုမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ပုဒ်မ ၁၄၄ ကာဖျူး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။

 လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသော လူများသည် လမ်းမကြီးများ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည(၈)နာရီအချိန်မှ မနက်(၄)နာရီအချိန်အတွင်း ညမထွက်ကြရန် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအသီးသီးတွင် အသံချဲ့စက်များဖြင့် နေ့စဉ်လှည့်လည်အသိပေးထားကြောင်း သတင်းရရှိသည်။

လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြအနေကြောင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကိုရှေးရှု၍ ဆန္ဒပြမှုများမဖြစ်ပေါ်စေရန် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း တပ်မတော်အာဏာသိမ်းမှုကို လက်မခံနိုင်ကြသဖြင့် နိုင်ငံတဝန်း မြို့ပေါ်အသီးသီး၌ နေ့စဉ်ဆက်တိုက်ဆိုသလို လူထုဆန္ဒပြမှုများဖြစ်ပေါ်လျှက်ရှိရာ ဌာနဆိုင်ရာအသီးသီးက အစိုးရဝန်ထမ်းများလည်း Civil Disobedience Movement (CDM) စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ထင်ထင်ရှားရှားပါဝင်လာကြောင်း တွေ့ရှိရသည်။

September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...
September 15, 2026
မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့်...