ဦးမောင်ရှိန်ဖြူသည် ဧပြီလ ၁၆ ရက်နေ့ ညဥ့်အချိန် မုန်တိုင်းတိုက်နေစဉ် နေရာကောင်းတွင် ခိုလှုံရန် အိမ်ပြင်ထွက်ရာမှ လမ်းပေါ်တွင် အအေးမိပြီး သေဆုံးသွားခဲ့သည်။
ကအီကျေးရွာတွင် အိမ်ခြေ ၂၀ ကျော်ခန့် ခေါင်မိုးများလန်ထွက်သွားခဲဲ့ပြီး ယခုအခါ ကျေးရွာသားများ အနေဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်နေကြရပြီး ဆင်းရဲသော မိသားစုများ အနေဖြင့် အခက်အခဲရှိနေကြောင်း သိရသည်။
(မုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသော ဇီးတောကျေးရွာမှ အမျိုးသမီး ဖြစ်သူ ဒေါ်စန္ဒာဝင်းအား မေးမြန်းချက်)
မေး- မုန်တိုင်းတိုက်ခတ်ခံရတဲ့ အတွက် ဇီးတောကျေးရွာရဲ့ အခြေအနေကို ပြောပြပေးပါလား။
ဒေါ်စန္ဒာဝင်း- အိမ်တစ်လုံးက သစ်ပင်ပိပြီး လုံးဝ ပြိုပျက်သွားပါတယ်။ လုံးဝ ပြိုပျက်သွားတာက တစ်အိမ်ပါ။ နောက်ထပ် အိမ်တွေ အများအပြားက ခေါင်းမိုးလန်ထွက်သွားတာတို့၊ ဘေးတွဲ အယပ် (ရခိုင်အခေါ် မောင်းဂါ) တို့ ပြိုပျက်သွားပါတယ်။ အဲသလို ဖြစ်သွားတာက အများကြီးပါ။ အိမ်အလုံးပေါင်း နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်တော့ ရှိမှာပါ။
မေး- မုန်တိုင်းတိုက်ခတ်တဲ့နေ့က ရွာက လူတွေဘယ်လို နေထိုင်ခဲ့ရတယ်ဆိုတာ ပြောပြပါလား။
ဒေါ်စန္ဒာဝင်း- ရွာသားတွေ ဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ကြရပါတယ်။ လူပေါင်း တစ်ရာကျော်၊ နှစ်ရာနီးပါး ဖြစ်ပါတယ်။ မုန်တိုင်းက တစ်နာရီ မိုင် ၈၀ လောက်တိုက်တယ်လို့ ပြောပါတယ်။ မိုင် ၆၀ ဆိုရင် ဒီလောက် မပြင်းနိုင်ဘူးလို့ ပြောပါတယ်။ အခုက တော်တော်ပြင်းတဲ့ အတွက် တတ်သိနားလည်တဲ့သူတွေက တစ်နာရီ မိုင် ၈၀ နှုန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
မေး- အခု မုန်တိုင်းကြောင့် ပြိုပျက်သွားတဲ့ အိမ်တွေက အခု ဘယ်လို လုပ်နေကြပါသလဲ။
ဒေါ်စန္ဒာဝင်း- ကိုယ့်အိမ်ကို ကိုယ်ပြင်ပြီး နေထိုင်နေကြပါတယ်။
မေး- အစိုးရဆီက အကူအညီမရဘူးလား။
ဒေါ်စန္ဒာဝင်း- လုံးဝ ပြိုသွားတဲ့အိမ်ကိုတော့ မာန်အောင်မြို့ပေါ်ကို ခေါ်ပြီး ဧပြီလ ၁၉ ရက်နေ့ က အစိုးရမှ ကျပ်တစ်သိန်းခွဲ ထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ဌာနဆိုင်ရာတွေကလည်း ထောက်ပံ့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် မရသေးဘူးလို့ ပြောပါတယ်။ ကျန်တဲ့ အိမ်ခေါင်းမိုး ပြိုသွားတဲ့ အိမ်တွေ၊ ဘေးတွဲ အခန်းပြိုသွားတဲ့ အိမ်တွေကတော့ အကူအညီမရပါ။
မေး- သူတို့က အကူအညီတွေ မလိုဘူးလား။
ဒေါ်စန္ဒာဝင်း- ကျွန်မတို့က အကူအညီမလိုပါ။ ဒါပေမယ့် တစ်ခြား ဆင်းရဲတဲ့ အိမ်တွေကတော့ အကူအညီ လိုကြမှာ ဖြစ်ပါတယ်။ သွပ်တို့၊ ၀ါး၊ ဓနိတော့ ၀ယ်ယူဖို့ လိုကြမှာ။ အကူအညီ ရရင်တော့ ကောင်းပါတယ်။
မေး- ဆင်းရဲတဲ့ အိမ်တွေက တော်တော်များလား။
ဒေါ်စန္ဒာဝင်း- ဆင်းရဲတဲ့ အိမ်တွေကဘဲ ပြိုတာများပါတယ်။ ကျန်တဲ့ အိမ်ကောင်းတွေက ပြိုတာ နည်းပါတယ်။
မေး- ဇီးတောရွာအပြင် တစ်ခြားရွာတွေမှာကော ပျက်စီးတာတွေကော ရှိပါသလား။
ဒေါ်စန္ဒာဝင်း- တစ်ခြားရွာတွေမှာ အပျက်အစီးကျွန်မတို့ မသိပါ။ ကျွန်မတို့ရွာက ပင်လယ်နားမှာ တစ်ရွာတည်းရှိနေတော့ အပျက်အစီးများပါတယ်။ ဇီးတောရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ အထဲမှာ နှစ်ဆယ် သုံးဆယ် ပျက်စီးပါတယ်။
(အနောက်ဇီးတော ဘုန်းတော်ကြီးကျောင်း(ရွှေကျင်) တွင် မုန်တိုင်းတိုက်သည့်နေ့က ခိုလှုံနေသူများကို တွေ့ရစဉ်/ ဓာတ်ပုံ-အောင်မြင့်သူ)







