အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement ကြောင့် ဆေးရုံအချို့ပိတ်ထားသဖြင့် လူနာများအခက်အခဲဖြစ်

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement ကြောင့် ဆေးရုံအချို့ပိတ်ထားသဖြင့် လူနာများအခက်အခဲဖြစ်

ယဉ်ထောမွန်  — လတ်တလောဖြစ်ပေါ်နေသော အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement ကြောင့် ဆေးရုံအချို့ပိတ်ထားသဖြင့် ဆေးရုံတက်ကုသလိုသည့် လူနားများအတွက် အခက်အခဲရှိလာကြောင်း သိရသည်။

မြေးဖြစ်သူ အသက်(၁၃)နှစ်အရွယ် မောင်ချမ်းမွန်၏ လည်ပင်းအနာစိမ်းခွဲထားသည့်ဒဏ်ရာကြောင့် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မော်လမြိုင်ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ နှစ်ရက်အကြာတွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သံဖြူဇရပ်မြို့နယ် ပင ကျေးရွာမှ ဒေါ်ကွန်ဒွတ်က ပြောသည်။

“ဆေးရုံမှာလည်း ဘာမှသေသေချာချာမကုလိုက်ရဘူး၊ ဘာဆေးမှလည်းမတိုက်ဘူး ဆေးပဲနည်းနည်းပါးပါးထိုးပေးတာ အိမ်ရောက်တော့ ကလေးကလည်းမကောင်းလာဘူးပေါ့ မကောင်းတော့ ဆေးရုံပဲပြန်သွားချင်တာပေါ့ အဲမှာဆေးရုံကပိတ်လိုက်ပြီးလို့ကြားတော့ အခြားဆေးရုံတွေလည်းမသွားနိုင်တော့ ဒီအတိုင်း ရှိတဲ့ဆေးနဲ့ပဲ ကုနေရာကနေ တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ကျွန်မရဲ့မြေးဆုံးသွားတယ်”ဟု ဒေါ်ကွန်ဒွတ်က ဆိုသည်။

ယခုဖြစ်စဉ်တွင် မောင်ချမ်းမွန်၏ ရောဂါအခံကြောင့်သာ သေဆုံးခဲ့ရသည်ဟုဆိုသော်လည်း အများပြည်သူအားကိုးသည့်ဆေးရုံကြီးတစ်ခု ယင်းကဲ့သို့ပိတ်ထားမသင့်ကြောင်း သေဆုံးသူ၏ ဆွေမျိုးရင်းခြာများက ဝေဖန်ပြောဆိုကြသည်။

 မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးတွင် ရက်ချိန်းပြသရန်လိုအပ်သူများအနေဖြင့် ရတနာမွန်ဆေးရုံနှင့် ဇာနည်ဘွားဆေးရုံတို့တွင် လက်ခံကုသပေးမည်ဖြစ်ပြီး အရေးပေါ်လူနာများအနေဖြင့် တပ်မတော်ဆေးရုံ သို့မဟုတ် အခြားပြင်ပဆေးခန်းများနှင့် ချိတ်ဆက်ပြီး ကုသရန် ဒေါက်တာသက်ကျော်စိုးက Southern Myanmar News တွင် ပြောသည်။

“အခြားနယ်ကဖြစ်ဖြစ် ကိုယ်ဝန်ဆောင်ပဲဖြစ်ဖြစ် ဆေးရုံလည်းမပြဖူးဘူး ဆေးရုံတက်ဖို့ လိုအပ်လာတဲ့ လူနာတွေဆိုရင် ငွေမိုးဆေးရုံမှ ဒေါက်တာဒေါ်ပြုံးပြုံးရီက ကြည့်ပေးမယ်”ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။

မော်လမြိုင်ကုတင် ၅၀၀ ဆန့် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးမည့် ဆရာဝန်မရှိသောကြောင့် ဖေဖော်ဝါရီ (၄) ရက်နေ့ကတည်းက နံနက် ၈ နာရီမှ ည ၈ နာရီအထိ အရေးပေါ်လူနာများကိုသာ ကုသပေးရာမှ ယခုအခါတွင် လုံးဝနီးပါးပိတ်ထားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တစ်နိုင်ငံလုံးရှိ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းအတော်များများ အလုပ်တာဝန်များရပ်နားလိုက်ကြပြီး အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) ကို ဖေဖော်ဝါရီလ ၂ ရက်က စတင်လှုပ်ရှားခဲ့ကြောင်း သတင်းရရှိသည်။

September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...
September 15, 2026
မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့်...