အထိန်းသိမ်းခံ မွန်ပြည်နယ်အစိုးရဝန်ကြီးအားလုံး နေအိမ်သို့ပြန်လည်ရောက်ရှိ

အထိန်းသိမ်းခံ မွန်ပြည်နယ်အစိုးရဝန်ကြီးအားလုံး နေအိမ်သို့ပြန်လည်ရောက်ရှိ
မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ
မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောစောပိုင်း တပ်မတော် စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း မော်လမြိုင်မြို့ အစိုးရအိမ်ယာဝင်းအတွင်းမှ ခေါ်ဆောင်ထိန်းသိမ်းခံရသော မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအားလုံး ဖေဖော်ဝါရီ ၃ ရက်နေ့ ညဉ့်နက်အချိန်တွင် ကျန်ရှိသေးသူများ နေအိမ်သို့ နောက်ဆုံးပြန်လည်ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်ထိန်းသိမ်းခံရသူ မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ညက ကျနော်ရယ် ဒေါက်တာထိန်လင်းနဲ့ ဦးရွှေမြင့် ၃ ယောက်ပဲ နောက်ဆုံးလွတ်လာတယ်၊ ခေါ်သွားတုန်းက ရတခတိုင်းစစ်ဌာနချုပ်အနီး တပ်မှာ ထားပါတယ်၊ ဘာမှမေးမြန်းပြောဆိုတာမရှိပါဘူး အပြင်ကအခြေအနေကိုလည်း ဘာမှမသိရပါဘူး”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

ယင်းသို့ အထိန်းသိမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးများကို အစိုးရအဖွဲ့အိမ်ယာမှ ၃ ရက်အတွင်း ဖယ်ပေးရမည်ဖြစ်သည်။

ထို့အတူ ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း အစိုးရအဖွဲအဖွဲ့နေအိမ်အတွင်း အကျယ်ချုပ်အဖြစ် ဆက်လက်ထားရှိထားကြောင်း စုံစမ်းသိရှိရသည်။

အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ တပ်မတော်စစ်တိုင်းဌာနချုပ်အသီးသီးက ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်စောစောပိုင်းတွင် တစ်ပြိုင်တည်း ခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ အာဏာသိမ်းမှုဖြစ်စဉ်အတွင်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ယူ၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁  ရက်) နေ့စွဲဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

 ထို့အပြင် မဲစာရင်းများစိစစ်အတည်ပြုခြင်းအပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းတာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...