ယမန်နေ့(ဖေဖော်ဝါရီ ၁ရက်)က မြန်မာ့တပ်မတော် အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံ့ခေါင်းဆောင်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ခြွင်းချက်မရှိ ကြေညာပေးရန် တိုက်တွန်း ကြောင်း NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့- PPST က ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းနှင့် စပ်လျဉ်း၍ ယနေ့ ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) က ယနေ့ အထူးအစည်း အဝေးအပြီးတွင် ထိုသို့ ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
PPST ထုတ်ပြန်ချက်၌ လက်ရှိ နိုင်ငံရေးအကြပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ နိုင်ငံရေးပြဿနာများကို အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းအတိုင်းရပ်တည်ပြီး NCA-S EAO က ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
ထို့အပြင် ကမ္ဘာ့ကပ်ရောဂါ (Covid -19) ကြောင့်လည်းကောင်း၊ လက်ရှိ နိုင်ငံရေးပြဿနာအပေါ် အင်အား သုံးဖြေရှင်းခြင်းကြောင့်လည်းကောင်း ပြည်သူလူထုတစ်ရပ်လုံး တွေ့ကြုံရသော အခက်အခဲများကို သဘောပေါက်နားလည်ပြီး ပြည်သူလူထုနှင့်အတူ ပူးပေါင်းဖြေရှင်းသွားမည့်အပြင် လက်ရှိ ဖြစ်ပေါ်နေ သောပြဿနာများ ဖြေရှင်းရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ဖြေ ရှင်းပေးရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့ NCA-S EAO အဖွဲ့၏ PPST အထူးအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တို့ကို အကြေအလည် ဆွေးနွေးညှိနှိုင်းကာ ဘုံသဘောထားရရှိပြီးနောက် ယခု ကြေညာ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးထားသော NCA-S EAO တွင် ကရင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ဖွဲ့ ပါရှိသည်။







