ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူသို့ ဆက်လက်ပြောင်းရွှေ့

ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူသို့ ဆက်လက်ပြောင်းရွှေ့

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှ စတင်ကာ ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဘုရားသုံးဆူ မြို့ဘက်သို့ ဆက်လက်ရွှေ့ပြောင်းနေကြကြောင်း နယ်စပ်ဒေသခံများက ပြောသည်။

စစ်အုပ်စုက ကျောက်ခက်နှင့် ဆုံဆည်းမြိုင် နယ်မြေများကို ထိန်းချုပ်ထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မရှိစေရေး တိုက်တွန်းပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထို့နောက် ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများသည် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဆုံဆည်းမြိုင်၊ ထို့မှ တစ်ဆင့် ဘုရားသုံးဆူဘက်သို့ ဆက်လက်ရွှေ့ပြောင်းလာကြခြင်းဖြစ်ကြောင်း ဝေါလေဒေသခံတစ်ဦးက ပြောသည်။

ဝေါလေဒေသခံက “ဝေါလေကနေ အုန်းဖန်၊ ပိုင်ခလန်၊ ကျိုက်ဒုံလမ်းအတိုင်း ဘုရားသုံးဆူကို အရေးပေါ် ရွှေ့နေ ကြတာ။ မိုးတွင်းဆို တောလမ်းက သွားလို့မရတော့ နယ်စပ်လမ်းအတိုင်း သွားနေကြတာပါ” ဟု ပြောသည်။

ထွက်ပြေးလာကြသူများ အနက် အချို့မှာ ဝါးမီးထကျေးရွာနှင့် ဆုံဆည်းမြိုင်ကျေးရွာရှိ တောတောင်ထူထပ် သော နေရာများ၌ ယာယီနေရာသစ်များ ဆောက်လုပ်ကာ အခြေချနေထိုင်လျက်ရှိကြောင်း ကျောက်ခက်မှ ကျားဖြန့်လုပ်သားများနှင့် နီးစပ်သူအချို့က ဆိုသည်။

ထို့ပြင် နေပြည်တော်ဆွေးနွေးပွဲတွင် ဝေါလေ၊ ကျောက်ခက်နှင့် ဘုရားသုံးဆူတို့၌ ကျားဖြန့်ကင်းစင်ရေး ဆောင် ရွက်ရန် DKBA ခေါင်းဆောင်အချို့အား စစ်အုပ်စုက ထည့်သွင်းပြောဆိုထားသည်။

ထိုအခြေအနေများကြောင့် KK Park နှင့် ရွှေကုက္ကိုလ်ကဲ့သို့ပင် ကျောက်ခက်ရှိ ကျားဖြန့်နေရာများပါ ဖျက်ဆီးခံရ နိုင်သည်ဟူသော သတင်းများ ထွက်ပေါ်နေသဖြင့် ယခုကဲ့သို့ အပြောင်းအရွှေ့များ ဖြစ်လာရခြင်းဖြစ်ကြောင်း ကရင်လက်နက်ကိုင် သတင်းအရင်းအမြစ်က ဆိုသည်။

ဘုရားသုံးဆူ ဒေသခံတစ်ဦးကလည်း “သုံးဆူဘက်ကို တရုတ်တွေ ကျိုက်ဒုံလမ်းကနေ ဝင်လာနေတယ်။ ပြီးတော့ သုံးဆူမြို့ပြင် ထီးခိုင်ရွာ လမ်းဘေးတစ်လျှောက်မှာ အဆောက်အအုံတွေကို နေ့ချင်းညချင်း ဆောက်နေကြတယ်။ အလုပ်သမား ရာနဲ့ချီပြီး မီးစက်တွေနဲ့ ညဘက်ပါ အလုပ်လုပ်နေကြတာ” ဟု ပြောသည်။

DKBA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားနေသည့် အဆိုပါအခြေအနေများနှင့် ပတ်သက်၍ ကေအိုင်စီ-ကရင် သတင်းဌာနက အဖွဲ့၏ ပြောခွင့်ရသူများထံ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက ဆက်သွယ် မေးမြန်းခဲ့ သော်လည်း တစ်စုံတစ်ရာ အဆက်အသွယ် မရရှိသေးပေ။

ထို့အတူ ယခုဇူလိုင်လအတွင်း ဝေါလေ၊ မင်းလက်ပံ၊ ဖလူးနှင့် လေးကေ့ကော်ဒေသများဘက်တွင်လည်း စစ် အုပ်စုက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထိုးစစ်ဆင် လာသည့် စစ်ကြောင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်

Most read this week

ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...
July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...