သတင်းရယူခွင့်နှင့် ထုတ်ဖော်ခွင့်ကို အတိအလင်း ဖိနှိပ်ချုပ်ခြယ်ရာ ရောက်သည်ဟု BNI ကပြောသည်။

သတင်းရယူခွင့်နှင့် ထုတ်ဖော်ခွင့်ကို အတိအလင်း ဖိနှိပ်ချုပ်ခြယ်ရာ ရောက်သည်ဟု BNI ကပြောသည်။

BNI ၏ မူဝါဒရေးရာ ဥက္ကဌ နန်းဖော့ဂေ က “ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်ကတော့ အစိုးရ အပါအဝင် အစုအဖွဲ့တိုင်းက မီဒီယာလွတ်လပ်ခွင့်ကို အလေးထား ပံ့ပိုးကူညီစေချင်လို့ ဖြစ်ပါတယ်။ အစိုးရကော၊ တပ်ကပါ DMG ကို တရားစွဲနေတာက အမှန်တကယ် ဖြစ်ရှိနေတဲ့ သတင်းတွေကို ဖုံးဖိထားလိုတဲ့အတွက်ကြောင့်လို့  ယူဆမိတယ်။ ဒါ့အပြင် DMG ကို သတင်း ထုတ်ဝေခွင့် လိုင်စင် သက်တမ်းမတိုးပေးဘဲ ဖိနှိပ်ထားချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

DMG သတင်းဌာန၏ သတင်းထောက်တစ်ဦးဖြစ်သူ ကိုခိုင်အောင်ကျော်မင်း (ကျော်မျိုးအောင်) သည် ၂၀၂၀ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် “မောင်တော ၃ မိုင်တံတားအား အမြန်ဆုံး ပြုပြင်ရန် လိုအပ်နေ” ခေါင်းစဉ်ဖြင့် သတင်းရေးသားသည့်ကိစ္စ နှင့်ပတ်သက်၍ NLD ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့၏ ညွန်ကြားမှုဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ထို့ပြင် DMG သတင်းဌာန၏ ဒု-တာဝန်ခံ အယ်ဒီတာ ခိုင်နေဝင်းစံနှင့် သတင်းထောက် စောနှင်းနွယ်တို့အား “ကျောက်တော်မြို့နယ် မာလာကျေးရွာမှ စပါးများကို တပ်မတော်သားတချို့ ယူဆောင်သွားခဲ့သည်” ဆိုသော အကြောင်းအရာပါဝင်သည့် သတင်းအား ရေးသားမှုကြောင့်ဟုဆိုကာ မြန်မာ့တပ်မတော်မှ တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ၂၀၂၁ ဇန်နဝါရီလ ၂၃  ရက်နေ့တွင် စစ်တွေနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“၆၆(ဃ) ပုဒ်မနဲ့ပါ ဒီလို အမှုဖွင့် တရားစွဲလာခြင်းဟာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားမီဒီယာတွေနဲ့ သတင်းသမားတွေ အတွက် လွတ်လပ်စွာ သတင်းရယူ ရေးသားခွင့်အပေါ် အားနည်းအောင်လုပ်ရာကျသလို မီဒီယာဥပဒေကိုလည်း မလို က်နာရာကျနေပါတယ်” ဟု BNI ၏ မူဝါဒရေးရာ ဥက္ကဌ နန်းဖော့ဂေ ကပြောသည်။

လွတ်လပ်သည့် တိုင်းရင်းသားသတင်းဌာနများ၏ သတင်းထောက်များနှင့် အယ်ဒီတာများအား အစိုးရမှ ကျော်ထောက်နောက်ခံပြု၍ မကြာခဏ တရားစွဲဆိုမှုများမှာ ပြည်နယ်ဒေသများတွင် ဒေသခံများ ကြုံတွေ့နေရသည့် အခြေအနေများကို တိကျမှန်ကန် လျင်မြန်စွာ သတင်းထုတ်ပြန်နေသည့် တိုင်းရင်းသားသတင်းဌာနများ၏ ဆောင်ရွက်ချက်များကို အားနည်းစေရန်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်တားဆီးရန် အစိုးရ၏ လုပ်ဆောင်များဖြစ်သည်ဟု BNI ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင်ခံထားရသည့် DMG သတင်းဌာန ဒု-တာဝန်ခံအယ်ဒီတာ ခိုင်နေဝင်းစံ၊ သတင်းထောက် ခိုင်အောင်ကျော်မင်းနှင့် စောနှင်းနွယ်တို့အပါအဝင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၂ ဖြင့် အမှုဖွင့်ခံထားရသည့် DMG သတင်းဌာန အယ်ဒီတာချူပ်နှင့် အမှုဆောင်ညွန်ကြားရေးမှူးဖြစ်သူ ခိုင်မင်းအောင် တို့အား အမှုဖွင့်ဆိုထားမှုများကို အမြန်ဆုံး ရုပ်သိမ်းပေးရန် BNI ကတောင်းဆိုထားသည်။

Burma News International (BNI) သည် တိုင်းရင်းသားသတင်းဌာန ၁၆ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...