မင်းတပ်မြို့အနီးတွင် စစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 တို့ဖြင့် အပြင်းအထန်ဗုံးကြဲ

မင်းတပ်မြို့အနီးတွင် စစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 တို့ဖြင့် အပြင်းအထန်ဗုံးကြဲ

ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် မင်းတပ်မြို့အနီးနေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီး၊ Y-12 ဗုံးကြဲလေယာဉ် ၂ စီးတို့ဖြင့် ဗုံးအလုံးရေ ၁၂၀ ထက် မနည်း ကြဲချ တိုက်ခိုက်ခဲ့သည်။

မင်းတပ်ဒေသခံတစ်ဦးက “တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေ ချတဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ကြဲချတာပါ။ လေကြောင်းနဲ့ ဗုံးကြဲသံတွေ တဒုန်းဒုန်းပဲ ကြားနေရတယ်။ ကျန်တာ ဘာမှ မသိရသေးဘူး။ ဘယ်သူမှ အပြင် မထွက်ဘဲ ပုန်းနေရတယ်” ဟု ပြောသည်။

ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် နေပြည်တော် အေလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ ဗုံး ၄ လုံး ကြဲချခဲ့သည်။

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးကလည်း နံနက် ၉ နာရီခွဲခန့်မှ ၉ နာရီ ၄၇ မိနစ်ခန့်အထိ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ကာ ဗုံး ၈ လုံး ကြဲချခဲ့သည်။

ထို့နောက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်မှ ၁၀ နာရီခန့်အထိ မင်းတပ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေသော နေရာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ပြီး ဗုံး ၈ လုံး ထပ်မံကြဲချခဲ့သည်။

မင်းတပ်မြို့အနီး တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်တပ်က ဂျက်ဖိုက်တာ ၅ စီးဖြင့် ပေါင် ၃၀၀ ဗုံးများကို အသုံး ပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ဗုံးအလုံး ၂၀ ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အထိ မင်းတပ်မြို့အရှေ့ခြမ်း တိုက်ပွဲဖြစ်ပွားရာနေရာများကို ရှမ်းတဲ လေတပ်မှ တက်လာသော Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးများ အတွဲလိုက်အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ကျော်ပြုလုပ်ခဲ့ရာ ဗုံးအလုံး ၅၀ ခန့် ကြဲချသွားခဲ့သည်။

တံတားဦးလေတပ်မှ Y-12 ဗုံးကြဲလေယာဉ်ကလည်း အဆိုပါနေရာများကိုပင် ဗုံးများအတွဲလိုက်အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်ခန့်ပြုလုပ်ခဲ့ရာ ဗုံးအလုံး ၄၀ ခန့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ချင်း-မကွေးအစပ် ယောဒေသရှိ ကျောက်ထု၊ ဆောနှင့် လောင်ရှည်ဒေသများတွင်လည်း စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့တို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်း အထန်ပြုလုပ်နေရာ အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုများ ရှိနေသကဲ့သို့ နေအိမ်နှင့် အခြေခံ အဆောက် အအုံများ ထိခိုက်ပျက်စီးမှု ပမာဏလည်း ကြီးမားနေသည်။

မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်ကို အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်ခဲ့သည့် စစ်တပ် သည် အထိနာကာ တပ်လန်ခဲ့ရပြီးနောက် ချင်း-မကွေးအစပ်၊ ကျောက်ထုနှင့် ဆောဒေသဘက်သို့ စစ်အင်အား ရာချီ ထပ်မံဖြည့်တင်းထားသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...