ကျေးရွာများထဲတွင် တပ်စွဲထားသည့် တပ်မတော် တပ်စခန်းများကို ရုတ်သိမ်းပေးရန်နှင့် လက်ရှိဖြစ် ပွားနေသည့် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြားက တိုက်ပွဲများကို အစိုးရမှ ညှိနှိုင်း ဖြေရှင်းပေးရန် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာသားများက ဆန္ဒထုတ်ဖော် တောင်းဆို လိုက်သည်။
ဇန္နဝါရီလ ၂၇ ရက်နေ့ (ယနေ့) တွင် ဘီးလင်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၃ ခုမှ မွန်၊ ကရင်နှင့် ပအို့ဝ် တိုင်းရင်းသား ဒေသခံ ပြည်သူများက အဆိုပါ အချက်များ အပါအဝင် အချက် ၆ ချက်ကို ဆန္ဒထုတ်ဖော်ပွဲ ကာ တောင်းဆိုလိုက် ခြင်းဖြစ်သည် ဟု သိရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး တာဝန်ခံ တစ်ဦးဖြစ်သူ စောပီတာ က “ကျနော်တို့က တပ် အင်အားတိုးချဲ့တာတို့ ဘာတို့တော့ ကျနော်တို့ မလိုချင်ဘူးပေါ့နော်။ ပြောချင်တဲ့ သဘောက ပြည်သူလူထု နဲ့ ဒီကြားထဲမှာ ရှိနေတဲ့ တပ်စခန်းတွေက ကျနော်တို့ မလိုချင်ဘူးပေါ့နော်။ အဲလိုမျိုး ဖြစ်နိုင်လို့ရှိရင်တော့ ပြည်သူနဲ့ နည်းနည်းဝေးရာကို သွားစေချင်တာပေါ့နော်” ဟု ပြောသည်။
“ကြက်ပေါင်းဆိပ်ဖက်မှာ BGF တပ်တွေရှိတယ်။ ကြက်ပေါင်းဆိပ်မှာ အဲဒီ ဖုန်းကြီးကျောင်း နားမှာပေါ့နော်။ ကျနော်တို့ အဲ့မှာ ရှိတယ်။ အဲဒီ အခြေအနေက သူတို့က ရှိနေတာပဲ ဟိုတစ်ခေါက်တုန်းက စစ်ဖြစ်တဲ့အခါ မှာလည်း သူတို့က ဘယ်လိုပြောရမလဲ ကျနော်တို့က ဒီလိုမျိုးဖြစ်လာတဲ့အခါမှာ သူတို့က ပစ်တယ်။ ညဖက် ကျလို့ရှိရင် သူတို့က ဘုန်းကြီးကျောင်းထဲ ဝင်အိပ်တယ်။ ဒါတွေကြောင့်လည်း ဒါတွေက အခက်အခဲ တစ်ခု ဖြစ်တယ်။ အဲလိုမျိုးကာဗာမယူပဲနဲ့ အဲလိုမျိုးကျတော့လည်း နည်းနည်း အခက်အခဲရှိတာပေါ့နော်။”
ထို့အပြင် နှစ်ဖက် အဖွဲ့အစည်းများမှ NCA စာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော် ပေးရန် နှင့် လက်ရှိဖြစ်ပွားနေသည့် KNU နှင့် တပ်မတော်တို့၏ စစ်ရေးတင်းမာမှုများကို အစိုးရမှ ညှိနှိုင်းဖြေရှင်း ပေးရန်လည်း တောင်းဆိုသည်ဟု စောပီတာ က ဆက်ပြောသည်။
၎င်း က “အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပါ အချက်များ ကို အ ကောင်အထည် ဖော်ဆောင်ရွက်ဖို့ရယ်။ နောက်ပြီးတော့ နှစ်ဖက် လေးစားလိုက်နာရမယ့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ဖို့ ရယ်။ နောက်ပြီးတော့ ဒေသအတွင်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခ အလိုမရှိတာတွေရယ်၊ နောက်ပြီး တော့ ကျေးရွာထဲမှာ လာပြီးတော့ တပ်စွဲထားတဲ့ တပ်စခန်း တွေ ကျနော်တို့က အလိုမရှိတာရယ်၊ နောက် ပြီး ဒီအောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ ပစ်ခိုက်တိုက်ခိုက်မှု ပဋိပက္ခကို အစိုးရက ညှိနှိုင်းဖြေရှင်းပေးဖို့ရယ်၊ နောက်ပြီးတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့ ဆို ပြီးတော့ အဲဒီ ၆ ချက်က အဓိက ကျတာပေါ့နော်” ဟု ပြောသည်။
ကျေးရွာအုပ်စု ၃ စုထဲရှိ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ ၂၀၀၀ ကျော်တို့က ၎င်းတို့ဒေသအတွင်းရှိ တပ်မတော်နှင့် BGF အဖွဲ့များ၏ တပ်စခန်းများကို ဆုတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ပျဉ်းမပင်ဆိပ်ကျေးရွာမှ ဒေသခံ နော်အယ်ကညောဖော က “အခုဆိုရင် ပေါ်တာထမ်းရမယ်ဆိုတဲ့ ကိစ္စ ကြောင့် ယောက်ကျားလေးအများစုက ထွက်ပြေးရတယ်။ ညဘက်ဆို တောထဲတွေမှာသွားအိပ်ရတယ်။ အဲ့တော့ မပြေးတဲ့လူတွေဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေကျန်ခဲ့ရတယ်။ ဆိုတော့ အဲ့မှာ စိုးရိမ်ရတာက တိုက်ပွဲဖြစ်ရင် နေရပ်စွန့်ခွာရမယ်။ နောက်ပြီး လက်နက်ကြီးပစ်လာရင်၊ လက်နက်ကြီးကျလာတာမျိုးတွေ စိုးရိမ်တယ်။ နောက်တစ်ခုက ပြေးနေရတဲ့ အမျိုးသားသော်လည်းကောင်း၊ ဖခင်၊ သားတွေသော်လည်း ကောင်းပေါ့ သူတို့အတွက်လည်း စိတ်ပူနေရတယ်။ တောထဲမှာ အဆင်ပြေပါ့မလား၊ နောက်တစ်ခုက တပ်ကဖမ်းတာမျိုးတွေမှာ မိသွားရင်ဆိုတာမျိုးတွေပေါ့နော်” ဟု ပြောသည်။
ထို့အပြင် ကျေးရွာမှာ ကျန်ခဲ့သူအများစုမှ အမျိုးသမီးများ ဖြစ်သည့်အတွက် လုံခြုံရေး စိတ်ချရမှုမရှိ ဟုလည်း နော်ဘယ်ကညောဖော က ဆက်ပြောသည်။
“ကျမတို့က စိုးရိမ်တယ်။ တပ်မဟာ ၅ က နော်မူးနော်ရဲ့ ကိစ္စလိုမျိုးပေါ့၊ အဲ့လိုမျိုးကိစ္စတွေကြားထားရတော့ တုန်လှုပ်တယ်။ အော် NCA ထိုးပြီးပြီ ဒါပေမယ့် အရပ်သားတွေက ဒီလိုမျိုး အသတ်ခံရတယ်ဆိုတာမျိုး ရှိ လာတော့ အံ့သြသွားတယ်၊ လန့်လည်းလန့်သွားတယ်။ အဲ့ဒီအသိက ကျမတို့လည်း သူ့လိုမျိုး အချိန်မရွေး ဖြစ်သွားနိုင်တယ်ပေါ့။ ကျမတို့က ဘာလက်နက်မှလည်းမရှိဘူး။ နောက်ပြီး အမျိုးသမီးလည်း ဖြစ်တယ်ပေါ့။ သူတို့က အမြဲတမ်း ရွာထဲဝင်လာနိုင်တယ်လေ။ သူတို့ဝင်လာရင် ပထမဦးဆုံးတွေ့မှာက အမျိုးသားတွေက ထွက်ပြေးနေရတဲ့အတွက် ကျမတို့ အမျိုးသမီးတွေလေ၊ တော်တော်စိတ်ပူနေရတယ်။ အမျိုးသမီးတွေဖြစ် တဲ့အတွက် ထူးထူးခြားခြား တခြားလူတွေထက် ထိတ်လန့်နေရတယ်ပေါ့နော်။”
တပ်မတော်က KNU နယ်မြေအတွင်းရှိ တပ်စခန်းများ တိုးချဲ့မှုမရှိသည့်အပြင် တပ်မတော်တပ်စခန်း ၆၀ ကျော်ကို ဖြုတ်သိမ်းပေးထားပြီးဖြစ်သည်ဟု ယမန်နေ့က ပြုလုပ်သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က သတင်း ထောက်များအား ပြောသည်။
“KNU တပ်မဟာနယ်မြေ အလိုက်မှာ ကျနော်တို့ ဖြုတ်သိမ်းပေးခဲ့တဲ့ စခန်း အကုန်လုံးပေါင်း ၆၁ ခုရှိတယ်၊ ဒါက ကျနော်တို့ရဲ့ သက်သေအထောက်အထားပဲ။ ဒါကို KNU တပ်မဟာ ၅ ကနေပေါ့၊ အဓိကတော့ တပ်မ ဟာ ၅ ကအနေနဲ့ ဘာကို သူက အထောက်အထားနဲ့ ကျနော်တို့က တပ်မတော်က စခန်းတွေ တိုးချဲ့နေ တယ်ဆို ဘာကို စွပ်စွဲချင်နေမှန်း ကျနော်တို့လည်း သဘောမပေါက်ဘူး။ ကျနော်တို့ လုပ်ခဲ့တာတော့ ဒါပဲ။”
တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား မွန်ပြည်နယ် သထုံခရိုင်-KNU တပ်မဟာ ၁ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်-KNU တပ်မဟာ ၅ နယ်မြေနှင့် ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်-KNU တပ်မဟာ ၃ နယ်မြေအတွင်း တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသည်။
အဆိုပါအခြေအနေများကြောင့် ယခုလ ၂၄ ရက်နေ့ကလည်း သထုံခရိုင်အတွင်းက ဒေသခံ ၈၀၀ ကျော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်ဖက် လေးစား လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရေး၊ ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခ များ အလိုမရှိ၊ ကျေးရွာအတွင်း စွဲထားသည့် တပ်စခန်းများ အလိုမရှိ၊ အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ညှိနှိုင်းဖြေရှင်းပေးရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး စသည့်အချက်များကို ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။







