ဂျိုင်းမြစ်ကူးတံတား တည်ဆောက်နေမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

ဂျိုင်းမြစ်ကူးတံတား တည်ဆောက်နေမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

နေနော် — ထိုင်း-မြန်မာ နယ်စပ် အဓိကကုန်သွယ်မှုပြုရာ လမ်းကြောင်းပေါ်ရှိ ကရင်ပြည်နယ် ကော့ကရိတ်-ကျုံဒိုးဂျိုင်းမြစ်ကူးတံတားသစ် တည်ဆောက်နေမှုမှာ ယခုဆိုလျှင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း တံတားတည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေတောင်ကုမ္ပဏီမှ ပရောဂျက်ဒါရိုက်တာ ဦးမင်းဟိန်းက ပြောသည်။

“တံတားတည်ဆောက်မှုကို ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အခုဆိုလျှင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးကာ လာမည့် ၂၀၂၂ ခုနှစ် ဇွန်လမှာ အပြီးသပ်နိုင်ရန် လျာထားတယ်” ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ ပရောဂျက် ဒါရိုက်တာ ဦးမင်းဟိန်းက ပြောသည်။

အဆိုပါ ဂျိုင်းမြစ်ကူး တံတားသစ်ကို ယခင်တံတားဟောင်းဘေးကပ်လျက်နေရာတွင် တည် ဆောက်နေခြင်းဖြစ်သည်။ တံတားတည်ဆောက်မှုကို JICA အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၏ ODA ချေးငွေကိုယူပြီး ဂျပန်နိုင်ငံ Hazama Ando Corporation နှင့် P.S. Mitsubishi Construction Com.Ltd. တို့မှ တာဝန်ယူဆောင်ရွက်ကာ မြန်မာကုမ္ပဏီများဖြစ်သော ရွှေတောင်ဖွံ့ဖြိုးတိုး တက်မှုကုမ္ပဏီ၊ May Modern ကုမ္ပဏီ နှင့် UTra ကုမ္ပဏီတို့မှ Sub ကန်ထရိုက်ယူကာ တည်ဆောက်နေခြင်းဖြစ်သည်။

ယခင် ဂျိုင်းမြစ်ကူးတံတားဟောင်းမှာ ၁၉၉၉ ခုနှစ် မေလ ၂ ရက်နေ့ကတည်းက တည် ဆောက်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၂၂ နှစ်ခန့်ကြာမြင့်ပြီးဖြစ်၍ တံတား ခံနိုင်ဝန်မှာ လျော့ကျလာခြင်းကြောင့် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားများ ဖြတ်သန်းသွား လာမှုသာ ခွင့်ပြုပြီး ကုန်စည်စီးဆင်းမှုအတွက် ဂျိုင်းမြစ်ဖြတ်ကူး ပွန်တွန်းတံတားမှာသာ ဖြတ်သန်းသွားလာခွင့် ပြုထားရသည်။

လက်ရှိတည်ဆောက်နေသည့် ဂျိုင်းမြစ်ကူးတံတားသစ်သည် သံကူကွန်ကရစ်ကြိုး ဆိုင်းတံ တားဖြစ်ပြီး တံတားအရှည်မှာ ၅၈ဝ မီတာနှင့် အကျယ် ၂၂.၆၉မီတာရှိကာ တန်ချိန် ၆၀ ထိ ခွင့်ပြုခံနိုင်ဝန်ရှိသည်။ အဆိုပါ တံတားကြီး ပြီးမြောက်ခဲ့ပါက ဒေသတွင်းသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုအတွက် ပိုမိုလွယ်ကူ မြန်ဆန်လာမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများက သုံးသပ်ထားကြသည်။

July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...