ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မျောက်ငိုသီးအရောင်းအဝယ်လုပ်ကိုင်သူများအခက်အခဲရင်ဆိုင်နေရ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မျောက်ငိုသီးအရောင်းအဝယ်လုပ်ကိုင်သူများအခက်အခဲရင်ဆိုင်နေရ

နှင်းနှင်း - ချင်းပြည်နယ်နှင့် စကိုင်းတိုင်းဒေသကြီးတို့တွင် မျောက်ငိုသီးများကို တနိုင်တပိုင်လုပ်ငန်းအဖြစ်စိုက်ပျိုးကြသူများနှင့် အရောင်းအဝယ်လုပ်ကိုင်သူများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲရင်ဆိုင်နေကြရသည်ဟု မျောက်ငိုပင်တနိုင်တပိုင်စိုက်ပျိုးပြီး အရောင်းအဝယ်လုပ်ကိုင်သူ Cing Lam Khai ကပြောသည်။

“ကျွန်တော် မျောက်ငိုပင် ၁၄ ပင်လောက်ရှိတယ်အခုထိလာမမေးကြဘူး၊အသီးတွေကိုရောင်းလည်း မရောင်းရေသးဘူး၊ ကောက်တောင်မကောက်ရသေးဘူး ဒီတိုင်းထားတာ။ ပြီးတော့ ကျွန်တော်ဟိုတလော တောင်ပေါ်မှာ မျောက်ငိုတပင်ကို ၅၀,၀၀၀/- လောက်နဲ့ဝယ်ပြီးတော့ ပြန်ရောင်းဖို့လုပ်တာ ကိုဗစ်ကြောင့်လမ်းတွေပိတ်ထားပြီး သွားလို့မရဘူး တခါ ကွာရန်တင်းဝင်ရတော့ ကောက်ထားတဲ့မျောက်ငိုသီးတွေလည်း ပုတ်ကုန်ပြီးပစ်လိုက်ရတယ် ရှုံးတာပေါ့” ဟု Cing Lam Khai ကပြောသည်။

မျောက်ငိုသီးများကို ကိုဗစ်-၁၉ ရောဂါမဖြစ်ခင်အချိန်တွင် အသီးအနေအထားပေါ်မှုတည်ပြီး တပင်ကို ငွေကျပ် ၅ သောင်းမှ ၂ သိန်း၊ တစ်တောင့်ကို ၂၀၀ ကျပ်ခန့် ပေါက်စျေးနှုန်းရှိပြီး အခုနှစ်တွင် တပင်ငွေကျပ် ၅ သောင်းကျပ်နှင့် တစ်တောင့် ၁၀၀ ကျပ်နှုန်းသာ ပေါက်စျေးရှိသည်ဟုသိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် မျောက်ငိုသီးစျေးကွက်အရှုံးနှင့်ရင်ဆိုင်နေရသည့်အပြင်အရောင်းအဝယ်နည်းပါးခြင်း အခက်အခဲများရင်ဆိုင်နေရကြောင်း တမူးမြို့မျောက်ငိိုသီး ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုအောင်မျိုးဦးက ပြောသည်။

“အရင်တုန်းက တစ်အိတ်မှာ အတောင့် တစ်ထောင်ထည့်ပြီး အိတ်ရေ ၁၀၀ ပတ်ဝန်းကျင်လောက်ကို ရောင်းရတယ်၊ ခုစျေးထဲမှာတော့ မြို့ထဲစားသုံးသူက နည်းတော့ တရက်ကို အတောင့် ၄၀၀၊ ၅၀၀ လောက်ပဲရောင်းရတယ် တစ်တောင့်ကိုလည်း ၁၀၀ ကျပ်ပတ်ဝန်းကျင်လောက်ပဲရတယ်၊ အခုက နယ်စပ်စျေးကွက်မရှိတော့ အရောင်းအဝယ်နည်းပါးတယ်၊ မနှစ်ကလည်း အခုလိုမျောက်ငိုသီး ရာသီလောက်မှာ ကိုဗစ်ကြောင့်နယ်စပ်ဂိတ်တွေ ပိတ်သွားတဲ့အတွက်ရှုံးကြတယ်၊ ဒီနှစ်လည်း ဘယ်လိုဖြစ်မလဲ အများကြီးမမျှော်လင့်ဘူး စျေးကွက်အနေအထားက ဆယ်ပုံတပုံတောင်မရောင်းရဘူး” ဟု ကိုအောင်မျိုးဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၁) တမူး-မိုးရေး ကုန်သွယ်ရေးဂိတ်သည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစပြီး အိန္ဒိယနိုင်ငံဖက်မှ စတင်ပိတ်ထားခြင်းကြောင့် နယ်စပ်အရောင်းအဝယ်နှင့် မျောက်ငိုသီးစျေးကွက်များလည်း ရပ်ဆိုင်းထားရသည်။

မြန်မာနိုင်ငံက မျောက်ငိုသီးများကို တမူးမြို့မှတဆင့် အိန္ဒိယနိုင်ငံ တင်ပို့ကြပြီး ကသည်းလူမျိုးများက အများဆုံး ဝယ်ယူစားသုံးကြကြောင်း သိရသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...