စအိုင်ဆူး — လတ်တလော တပ်မတော်နှင့် စစ်ရေးတင်းမာနေသည့် KNU -ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ပယ်ကော်ခီးကျေးရွာ၌ ဒေသခံတစ်ဦး တပ်မတော်၏ လက်နက်ကြီးထိမှန်၍ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းနှင့်အတူရှိနေသည့် စောဝါးဒို့က ကေအိုင်စီသို့ ပြောသည်။
ကျောက်ကြီးမြို့နယ်၊ ပယ်ကော်ခီးကျေးရွာ၌ နေထိုင်သူ အသက် (၄၁) နှစ်အရွယ် စောလယ်ဘောသည် စစ်ပြေးရှောင်နေရသည့် နေရာမှ မိမိကျေးရွာနေအိမ်သို့ အိမ်မွေးတိရိစ္ဆာန်များကို အစာကျွေးရန်ပြန် ရောက်နေ စဉ် တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံစောဝါးဒို့က ယခုလိုပြော သည်။
၎င်းက “ရွာပြန်လာလို့ထိတာ။ ဖြစ်တဲ့အချိန် သူနဲ့ ကျနော်ပဲရှိတယ်။ လက်နက်ကြီးက ၂လုံးပစ်တာ ၁ လုံးပဲ ရွာထဲ ထိတယ်။ သူ့ပေါင်မှာတော့ ဒဏ်ရာရတယ်။ တောထဲပြန်ပြီးဆေးကုတယ်။ အသက်အန္တရာယ် စိုးရိမ်ရ လား၊ မစိုးရိမ်ရလားတော့ မသိဘူး။ သူ့မိသားစုတွေတော့ ရွာမှာမရှိဘူး။ ရွာသားတွေကတော့ ထွက်ပြေး ကုန်ပြီး။ လောလောဆယ်ရွာမှာ ကျနော်တစ်ယောက်ထဲပဲ”ဟု ပြောသည်။
ထို့အတူ ဗိုလ်မှူး မောင်မောင်ဆန်း ဦးစီးသော တပ်မတော် ခြေမြန်တပ်ရင်း (ခမရ-၆၀၃)မှ လက်နက်ကြီး လက် နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ရမ်းကားပစ်ခတ်မှုကြောင့် ဖော်ပြပါ ဒေသခံစောလယ်ဘောမှာ ပေါင်နှစ် ဖက်နှင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်းနှင့် KNU ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ် တာဝန်ရှိသူများမှ ဆေးဝါးကုသပေးနေကြောင်း KNU ပြန်ကြာရေးဌာန၏ သူးလေသတင်းစဉ်က ယနေ့ ဖော်ပြထားသည်။
ထို့အပြင် အစိုးရက တပ်မတော်ကို ယခုကဲ့သို့ NCA ကို လာရောက်ပြီး အထပ်ထပ်ချိုးဖောက်ခိုင်းသောကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းပြဿနာကို အစိုးရ နှင့် KNU ခေါင်းဆောင်များတွေ့ဆုံပြီး ညှိနှိုင်း ဖြေရှင်း ရမည်ဖြစ်သည်ဟု ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အတွင်းရေးမှူး ပဒို စောဆာဝါးမှ ၎င်းသတင်းစဉ်၌ ပြောဆိုထားသည်။
လတ်တလော ဖြစ်ပွားနေသည့် ပစ်ခတ်မှု ဖြစ်စဉ်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ယခု အချိန် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကျေးရွာပေါင်း (၄) ရွာမှ အိမ်ခြေပေါင်း (၁၃၀) ခန့်နှင့် လူဦးရေ ၇၉၀ ဦး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဒေသခံပြည်သူများသည် လတ်တလောအချိန်တွင် အခြေခံအစားအသောက်များလိုအပ်သလို အလွန်အေးသည့် ရာသီဥတုနှင့် ကျန်းမာရေးအခက်အခဲရှိ လာသည့် အတွက် အလှူငွေနှင့် ပစ္စည်းများပါဝင်လှူဒါန်းကြရန် ဧရာဝတီကရင်လူငယ် ဦးဆောင်ကော်မတီက တိုက်တွန်းထားသည်။
လက်ရှိ ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက “နှစ်ဖက်ညှိနှိုင်းပြီးမှ သွားလာဖို့ ကျနော်တို့ ပြောထားကြပေမဲ့ ညှိနှိုင်းပြီး မသွားရင် တော့ ကျနော်တို့မှာရှိတဲ့ စည်းကမ်းအတိုင်း တုန့်ပြန်ရမှာပဲ။ အခုက သူတို့(စစ်တပ်) အကြောင်းကြားပြီး သွားတာ ဆိုပေမဲ့ နှစ်ဖက်ညှိနှိုင်းပြီး နှစ်ဖက်စလုံးသဘောတူမှ သွားရမှာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ လတ်တလော တပ်မတော် နှင့် KNU အကြားပြန်လည်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် မူတြော် (ဖာပွန်)ခရိုင်ရှိ ဒွယ်လိုးမြို့နယ်၊ မဲချိုကျေးရွာသား အသက်(၃၅) နှစ်အရွယ် စောသာဆဲမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်နေ့က လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို၊ ဇန်နဝါရီလ ၁၅ရက်နေ့တွင်လည်း မယ် ဝေ(မဲဝိုင်း) ဒေသခံ ကလေးငယ်တစ်ဦး ဦးခေါင်း၌ လက်နက်ကြီးထိမှန်ခဲ့ကြောင်း KNUက ပြောသည်။
သို့သော် KNLA တပ်ဖွဲ့ဝင်များအနေဖြင့် သတ်မှတ် နယ်မြေကျော်လွန်၍ ပုံမှန် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များကို မကြာခဏနှောင့်ယှက်ပစ်ခတ်ခြင်းဖြစ်ပြီး ယခင် ဒီဇင်ဘာလမှစ၍ ယခုလအထိ ၁၅ကြိမ် ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း နှင့် အပြစ်မဲ့ အရပ်သားများကိုပါ နှောင့်ယှက်ပစ်ခတ်သည်အထိ ကျူးလွန်ခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အတူ KNLA ၏ လုပ်ရပ်များသည် NCA စာချုပ်ပါ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ ကြောင်း နှင့်သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ ကန့်ကွက် အကြောင်းကြား သွားမည်ဖြစ်ကြောင်းလည်း တပ်မတော်က ဆိုထားသည်။







