ပစ်ခတ်မှုကြောင့် ဆယ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ

ပစ်ခတ်မှုကြောင့် ဆယ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဖာပွန်ဒေသတွင် ဇန်နဝါရီလ ၁၅ရက် ယမန်နေ့က ပစ်ခတ်ခံရမှုကြောင့် ဆယ်နှစ်ကျော်အရွယ် မယ်ဝေ (မဲဝိုင်)ရွာသား ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ရာတွင် မဲဝိုင်အနီးရှိ တပ်မ တော်စခန်း၏ တောင်ဘက်မဲဝိုင်ဘုန်းတော်ကြီးကျောင်း၌ နေထိုင်သည့် အသက် ၁၂အရွယ် မဲဝိုင်ကျေးရွာသား မောင်မိုး အောင်ဆိုသူသည် ဇန်နဝါရီ ၁၅ရက်၊ နံနက် ၁၁နာရီ မိနှစ် ၂၀ခန့်တွင် ဘုန်းတော်ကြီးကျောင်းနှင့် မီတာ ၃၀ခန့်အကွာ၌ သင်္ဘောသီးခူးနေစဉ် ၎င်းနေရာ၏ အနောက်တောင်ဘက် မီတာ ၇၅၀ခန့်ရှိ KNLA တပ်မဟာ (၅)မှ သုံးဦးခန့်က လက် ဖြောင့်သေနတ်ဖြင့် ၁ချက်ပစ်ခတ်ခဲ့ရာ ကလေး၏ ဦးခေါင်းယာဘက် အရှည် ၃လက်မ၊ အနက် လက်မဝက်ခန့် ကျည် ရှပ်ထိဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရသည်ဟု ဖော်ပြထားသည်။

၎င်းအပြင် KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် မဲဝိုင်အနီး သတ်မှတ်နယ်မြေကျော်လွန်၍ ပုံမှန် အုပ်ချုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မကြာခဏ နှောင့်ယှက်ပစ်ခတ်လျက်ရှိရာ ဒီဇင်ဘာလမှ ယခုကာလ အထိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှု ၁၅ကြိမ်ပြုလုပ်ခဲ့ပြီး ယခုအခါ အပြစ်မဲ့ ပြည်သူများကိုပါ နှောင့်ယှက်ပစ်ခတ် သည်အထိ ကျူးလွန်လာခဲ့သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA အဖွဲ့အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား လက်နက်ဖြင့် ပစ်ခတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee – State Level သို့ ကန့်ကွက်အကြောင်းကြား သွားမည်ဖြစ်ကြောင်းလည်း တပ်မတော်က ထည့်သွင်းဖော်ပြထားသည်။

သို့သော် ကေအဲန်ယူ မူတြော်ခရိုင်ပြောခွင့်ရ ပဒိုမန်းမန်းမန်းက “တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန် ချက်က လုံးဝ လွဲမှားပါတယ်။ ၁၅ရက်နေ့ကဖြစ်တဲ့ ၁၂အရွယ် ကလေးငယ်ဖြစ်တဲ့ကိစ္စက မြန်မာ့တပ်မတော်ရဲ့ လက် နက်ကြီး ထိမှန်ပြီးတော့မှ ဒဏ်ရာရရှိတာဖြစ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာ့တပ်မတော်ရဲ့လက်နက်ကြီး ရမ်း သမ်းပစ်ခတ်မှုကြောင့် ၁၂ရက်နေ့မှာတုန်းကလည်း မဲချိုရွာသူကြီးတစ်ဦးကိုလည်းပဲ လက်နက်ကြီးထိမှန် သေဆုံးခဲ့တာ လည်း ရှိပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မယ်ဝေ(မဲဝိုင်)ရွာ ဘုန်းကြီးကျောင်းအနီး စခန်းချထားသည့် တပ်မတော်စခန်း အပါအဝင် KNU သတ်မှတ်နယ်မြေများ အတွင်းရှိ ဒေသခံလူထုနှင့်နီးကပ်သည့် တပ်စခန်းများအား ၂၀၂၀ နှစ်ကုန်တွင်အပြီး ရုပ်သိမ်းပေးရန် KNLA ဗဟိုမှ ဒီဇင်ဘာလ ၁ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် KNLA တပ်မဟာ ၅ နှင့် အစိုးရတပ်မတော် တို့အကြား ပစ်ခတ်မှုမှာ ခပ်စိပ်စပ် ပြန်လည်ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။

ထိုသို့ နှစ်ဘက်အဖွဲ့ကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသည့် ဖာပွန်ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ထိခိုက်သေဆုံးမှုအထိ ရှိလာသည်ဟုလည်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်၊ ညနေ ၈နာရီခွဲခန့်၌ မူတြော်ခရိုင် ဒွဲလိုးမြို့နယ်တွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၈)၊ ခမရ(၄၀၄)တို့တပ်ဖွဲ့သည် တောင်ယာထဲတွင်ရှိနေသော ကလေး ၆ဦး၏ ဖခင် အသက် ၃၅နှစ်အရွယ် တနေတာ (မဲချို)ရွာသား စောမောင်သာဆဲ ဆိုသူကို လှမ်းမြင်၍ လက်နက်ကြီးဖြင့် လှမ်း ပစ်ခတ်ရာ စောမောင်သာဆဲမှာ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ပြန်ကြားရေးဌာန၏ သူးလေ သတင်း လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ (ဇန်နဝါရီ ၁၅)က ထုတ်ပြန်ထားသည်။

လတ်တလော ဖြစ်ပွားနေသည့် KNUတပ်ဖွဲ့ဝင်များနှင့် တပ်မတော်အကြား တကျော့ပြန် စစ်ရေးတင်းမာမှုများသည် ယခင် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှုအားနည်းခြင်းကြောင့် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး လေ့လာသုံး သပ်သူများက သုံးသပ်ပြောဆိုသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...