တရားရုံးနှင့် အုပ်ချုပ်ရေးစနစ် အမျိုးသမီးများ ကိုယ်တိုင် တည်ဆောက်နေဟု KWO ပြော

တရားရုံးနှင့် အုပ်ချုပ်ရေးစနစ် အမျိုးသမီးများ ကိုယ်တိုင် တည်ဆောက်နေဟု KWO ပြော

စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့် ဆိုင်းမနေဘဲ မြေပြင်တွင် တရားရုံးများ တည်ဆောက်ခြင်း၊ တရားသူကြီးများကို လေ့ကျင့်ပေးခြင်းနှင့် အုပ်ချုပ် ရေး စနစ်များကို ကိုယ်တိုင်ဦးဆောင် အကောင်အထည်ဖော်နေသည်ဟု KWO က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) က ကျင်းပခဲ့သည့် ‘မြန်မာနိုင်ငံ၏ အမျိုးသမီး၊ ငြိမ်း ချမ်းရေး၊ လုံခြုံရေး (WPS) နှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ရှုထောင့်မှတစ်ဆင့် ဒေသဆိုင်ရာ တာဝန် ခံမှုကို ခိုင်မာအောင်တည်ဆောက်ခြင်း’ ဖိုရမ်တွင် ကရင်အမျိုးသမီးအစည်းအရုံး KWO ဥက္ကဋ္ဌက ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

KWO ဥက္ကဋ္ဌ နော်ကညောဖောက “မြန်မာအမျိုးသမီးတွေဟာ တစ်စုံတစ်ယောက်က ကယ်တင်ပေးမှာကို စောင့် နေတာ မဟုတ်ပါဘူး။ ကျမတို့ တရားရုံးတွေ တည်ဆောက်နေတယ်၊ တရားသူကြီးတွေကို လေ့ကျင့်ပေးနေ တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနေတယ်၊ နေရပ်စွန့်ခွာရသူ (IDPs) တွေကို အကူအညီပေးနေတယ်။ ကမ္ဘာက ကျမတို့နဲ့အတူ ရပ်တည်ပေးဖို့ပဲ တောင်းဆိုတာပါ” ဟု ဖိုရမ်တွင် မိန့်ခွန်းပြောဆိုခဲ့သည်။

ထို့ပြင် မြေပြင်တွင် အမျိုးသမီးများသည် တော်လှန်ရေးနှင့် မိမိတို့နယ်မြေအတွက် ကျောရိုးသဖွယ် ဆောင်ရွက် နေကြ၍ ၎င်းတို့၏ ဦးဆောင်မှုအပေါ် ဘဏ္ဍာရေးအပါအဝင် အရင်းအမြစ်များကို တိုက်ရိုက်ထောက်ပံ့ပေးရန် လည်း အဆိုပါဖိုရမ်တွင် ပါဝင်သည့် WAC-Myanmar က တိုက်တွန်းခဲ့သည်။

ထို့အတူ စစ်အုပ်စု၏ ပြည်သူများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းမှု၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) နှင့် လူသားချင်းစာနာမှု အကူအညီများကို လက်နက် သဖွယ် အသုံးချပိတ်ဆို့နေမှုများကို လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

ထို့အတွက် သက်သေအထောက်အထားအဖြစ် ယခင်က ထောင်ကျဖူးသည့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ တစ်ဦးနှင့် လက်နက်ကိုင်တော်လှန်နေသည့် အမျိုးသမီးငယ်တစ်ဦးတို့၏ ဗီဒီယိုများကိုပါ ပြသခဲ့သည်။

အဆိုပါ အကျပ်အတည်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ WPS ဘက်က အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်နှင့် အာဆီယံ ဒေသဆိုင်ရာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းအစီအစဉ်များမှာ လက်တွေ့ မြေပြင်တွင် မအောင်မြင်ဘဲ ရှိနေကြောင်း ထောက်ပြခဲ့သည်။

ထို့ကြောင့် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာရောက်ရှိရန် ဒေသခံများဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်ယန္တရားမှတစ်ဆင့် ကူညီပေးရန် ရှေ့ပြေးသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက အာဆီယံအထူးကိုယ်စားလှယ်ကို ဖိုရမ်တွင် တိုက်တွန်းခဲ့သည်။

ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (CHRP)၊ မြန်မာနှင့် ဖိလစ်ပိုင် အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့ အစည်းများ ပူးပေါင်းကျင်းပသည့် အဆိုပါဖိုရမ်သို့ သံတမန်များ၊ ဒေသတွင်း ပညာရှင်များနှင့် အရပ်ဘက် ကိုယ်စားလှယ် ၈၀ ခန့် တက်ရောက်ခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံ၏ WPS လုပ်ငန်းစဉ်ကို မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ကို ရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေး ကတိကဝတ်များဖြင့် အရပ်သားများကို ကာကွယ်ရန် လက်တွေ့ကျ သည့် မူဝါဒအကြံပြုချက်များကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ထံ တင်ပြခဲ့ ကြသည်။

ဓာတ်ပုံ - KIC

Most read this week

August 3, 2026
ကရင်ပြည်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ်(၄)တပ်နယ်မှူး...
MPA (ပုံဟောင်း)
August 3, 2026
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဆက်နွှယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (...
August 1, 2026
ဆောင်းဦးပေါက် (သို့မဟုတ်) ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ကရင်ပြည်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ...
July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...