BGF နှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များဆွေးနွေးမှု အပြီးသတ်ရလဒ်မထွက်

BGF နှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များဆွေးနွေးမှု အပြီးသတ်ရလဒ်မထွက်

နေနော် — ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်ဖွဲ့တစ်ခုလုံး နုတ်ထွက်စာတင်ခြင်းနှင့်ပတ်သက်၍ ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)က  မြိုင်ကြီးငူအထူးဒေသ BGF တပ်နယ် (၁) ၊ အမှတ် (၁၀၁၁)တပ်ရင်းအစည်းအဝေး ခန်းမတွင် မြန်မာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် BGF ခေါင်းဆောင်များ၏ ၄ နာရီအကြာဆွေးနွေးမှုမှာ ပြေလည်မှုအချို့ရရှိသော်လည်း အပြီးသတ်ရလဒ်ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းရုံးမှာ BGF တပ်ဖွဲ့မှ တပ်ရင်းမှူး ၁၃ ဦး နှင့် တပ်ဖွဲ့ ဝင် အရာရှိအရာခံ (၇၇) ဦး နုတ်ထွက်စာတင်ခြင်းကိစ္စကို မနေ့က တပ်မတော်ဘက်မှ အမှတ် (၄)စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အောင်ပိုင်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် တပ်မ ၂၂ မှ တပ်မမှူးတို့မှ မြိုင်ကြီးငူအထူးဒေသရှိ BGF တပ်နယ်(၁) ၊ အမှတ် (၁၀၁၁) တပ်ရင်းအစည်း အဝေးခန်းမတွင် BGF ထိပ်ပိုင်းခေါင်းဆောင်များနှင့် နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကရင်နယ်ခြားစောင့်တပ် ဗဟိုကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းမှ ဗိုလ်မှူးနိုင်မောင်ဇော်က “မနေ့က ဆွေးနွေးပွဲမှာ BGF တစ်ဖွဲ့လုံး နုတ်ထွက်စာတင်ခြင်းနှင့်ပတ်သက်ပြီး ၂ လခန့် အချိန်ယူစဉ်းစားပြီးခေတ္တဆိုင်းငံံ့ထားဖို့ နှစ်ဖက်သဘောတူညီမှုသာရရှိခဲ့တယ်။ တပ်မတော်ဘက်က BGF ထိပ် ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနဲ့ တပ်မှူး ၂ ဦးကို နုတ်ထွက်ဖို့ ဖိအားပေမှုဆက်ရှိနေပြီး တစ်ဖွဲ့လုံး နုတ်ထွက်စာတင်တဲ့အပေါ်မှာသာ ပြန်လည်စဉ်းစားဖို့ အချိန် ၂ လ ပေးလိုက် တဲ့သဘောပါ။ ဒီအခြေအနေက ပြေလည်မှုရရှိတယ်လို့ ပြောလို့မရသေးဘူး။”ဟု ၎င်းက ပြောသည်။

အဖွဲ့၏ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ နှင့် တပ်မှူး ၂ ဦးကို နုတ်ထွက်ရန် ဖိအားပေးမှုကြောင့် တစ်ဖွဲ့လုံး နုတ်ထွက်စာတင်ရခြင်းဖြစ်ပြီး ယခုလို ဆက်လက်တင်းမာမှုရှိလာပါက BGF တစ်ဖွဲ့လုံး နုတ်ထွက်ကာ မိခင်အဖွဲ့အစည်းဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA အဖြစ် ပြန်လည်ရပ် တည်ကာ ဒေသဖွံ့ဖြိုးရေးနှင့် ဘာသာသာနာအကျိုးအတွက် ဆောင်ရွက်သွားဖွယ်ရှိကြောင်း BGF တပ်မှူးတစ်ဦး က သုံးသပ်ပြောဆိုသည်။

ကရင်ပြည်နယ်ထဲရှိ ရွှေက္ကိုလ်မြို့သစ်စီမံကိန်းအပါအဝင် တရားမဝင် ကာစီနို လောင်းကစားရုံများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုကြောင့်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းက  BGF အထွေ ထွေအတွင်းမှူး ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် တပ်နယ် ၃ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်နှင့် တပ်နယ် ၂ တပ်နယ်မှူး ဗိုလ်မှူး စောတင်ဝင်းတို့ကို နုတ်ထွက်စာတင်ရန် တပ်မတော်ဘက်က ဖိအားပေးခြင်းဖြစ်သည်။ ထိုဖိအားပေးမှုကြောင့် ဗိုလ်မှူး စောမုတ်သုန်က ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ရက်နေ့တွင် နုတ်ထွက်စာတင်ခဲ့သည်။

BGF နှင့် မြန်မာ့တပ်မတော်တို့ကြား တင်းမာမှုကို ပြေလည်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ပြောဆိုထားသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF သည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA တပ်ရင်း ၁၂ ရင်းနှင့် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ -KPF တပ်ရင်း ၁ရင်းဖြင့် ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ တပ်ဖွဲ့ဝင်အင်အား ၇, ၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းပြောဆိုကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...