နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်ဖွဲ့စည်း

နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်ဖွဲ့စည်း

ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ (ကရင်ပြည်) တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို အာမခံနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံး လှုံ့ဆော်ရေးကွန်ရက် (KWAN) ကို ဩဂုတ်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်။

ပြည်တွင်းပြည်ပ အရပ်ဘက် ကရင်လူမှုအဖွဲ့အစည်းများ ပူးပေါင်းစုဖွဲ့ထားသည့် KWAN အား မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံတကာရောက် ကရင်လူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုအတွက် စည်းရုံးလှုံ့ ဆော်ရန် ရည်ရွယ်၍လည်း ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကွန်ရက်ထူထောင်ပြီးစီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

KWAN ၏ ညှိနှိုင်းရေးမှူး နန့်ဘွားဘွားဖန်းက “မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်စေမယ့် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့အတွက် တိုက်တွန်းလှုံ့ဆော်သွားမှာ ဖြစ်သလို၊ လုံလောက်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိစေဖို့အတွက်လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်ပြည်သူများက စုစည်းလှုပ်ရှားဆောင်ရွက်သွားကြမယ်” ဟု ပြောသည်။

ထို့ပြင် ကွန်ရက်သည် အရပ်သားများကို အကာအကွယ်ပေးရေး၊ နိုင်ငံရေးတွင် ပါဝင်အသိအမှတ်ပြုခံရရေး၊ ဒုက္ခသည်များနှင့် ပြည်ပရောက်ကရင်များ၏ အကာအကွယ်မြှင့်တင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီ အရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရေး စသည့် ရည်ရွယ်ချက် (၇) ချက်ကို သဘောတူထားကြ သည်။

ဦးစားပေးအဆင့်အနေဖြင့် စစ်တပ်ထံသို့ လက်နက်နှင့် ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ရန်၊ ကော်သူးလေ ဒေသအတွင်းရှိ စစ်ဘေးရှောင် တစ်သန်းကျော်အတွက် အကူအညီများရရှိရန်၊ စစ်အုပ်စု၏ တရားဝင်မှုကို ငြင်းပယ်ရန်နှင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ တရားမျှတမှုရရှိရေးတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။

တစ်ချိန်တည်းမှာပင် ပြည်ပရောက် ကရင်ဒုက္ခသည်များ၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဖြစ်သလို၊ လုံခြုံရေးအတွက် ကရင်ဒေသတွင်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တိုက်ဖျက်ရန်နှင့် လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အတူ အာဆီယံ၊ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု ၏ တရားဝင်မှုကို ငြင်းပယ်ပြီး တော်လှန်ရေးနှင့် တိုင်းရင်းသားအခွင့်အရေးအတွက် ပါဝင်လှုပ်ရှားနေကြသော တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို တိုက်ရိုက်ထိတွေ့ ဆက်ဆံ ကူညီပေးကြပါရန် KWAN က တောင်းဆိုထားသည်။

KWAN ကို ကရင် CBO နှင့် CSO အဖွဲ့အစည်းများအပြင် ဥရောပနိုင်ငံများ၊ မြောက်အမေရိကနှင့် အာရှ-ပစိဖိတ် ဒေသရှိ ကရင်အသိုင်းအဝိုင်းများဟူ၍ ဒေသ (၄) ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...
August 4, 2026
စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်ရှိ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာ၏ ကူညီကယ်တင်မှုကို စောင့်...
August 3, 2026
ကရင်ပြည်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ်(၄)တပ်နယ်မှူး...