ထိုင်းသို့ ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေး စတင်စုဆောင်းနေ

ထိုင်းသို့ ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေး စတင်စုဆောင်းနေ

နေနော် — ထိုင်းသို့ မြန်မာပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေး ဒေသအသီးသီးမှပြောင်းဆန် စတင်စုဆောင်း နေပြီး ဖြစ်ကြောင်း မြဝတီရှိ ပြောင်းကုန်သည်များက ပြောသည်။

“ လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစပြီး ထိုင်းကို ပြောင်းဆန်တင်ပို့ဖို့  အနယ်နယ်အရပ်ရပ်က ပြောင်းဆန်တွေကို မြဝတီနယ်စပ်မှာ ဝယ်ယူစုဆောင်းမှုတွေပြုလုပ်နေပါတယ်။ ဒီကာလအတွင်းမှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်တွင်း ကုန်သွယ်သွားလာမှုမှာ စစ်ဆေးကန့်သတ်မှုတွေရှိနေတော့ ယခင်တစ်ရက်နဲ့ ရောက်မယ့်ခရီးက ၃ရက် လောက်ကြန့်ကြာမှုတွေတော့ ရှိနေတာပေါ့။လတ်တလောမှာတော့ရှမ်းပြည်နယ် ဘက်က ထွက်တဲ့ပြောင်းဆန်တွေကို တက်လာတာများတယ်”ဟု ကုန်သည်တဦးဖြစ်သူ ကိုအောင်မြင့်ထွန်းက ပြောသည်။

ထို့အပြင် ထိုင်းဘက်သို့ ပြောင်းဆန်တင်ပို့ရာတွင် ကိုဗစ်ကာလစည်းကမ်းသတ်မှတ်ချက်များကြောင့် ကုန်စည် ဖလှယ်ရာတွင် အချိန်ကာလ အခက်အခဲများရှိနေကြောင်း ပြောင်းလုပ်ငန်းရှင် ကိုအောင်မြင့်ထွန်းက ဆက်ပြော သည်။

“ယခင်နှစ်တွေကတော့ ပြောင်းဆန်လာတင်တဲ့ ထိုင်းကုန်ကားတွေ မြန်မာဘက်ခြမ်းမှာ ညအိပ်ခွင့်ရှိတဲ့အတွက် ပြောင်းဆန်တင်တဲ့နေရာမှာ အချိန်အများကြီးရတာပေါ့။ ဒီနှစ်မှာတော့ ညအိပ်ခွင့်မပေးဘူး ညနေ ၆ နာရီ တံ တား ပိတ်ချိန်အမှီ တင်ရတဲ့အတွက် အခက်အခဲတော့ရှိတာပေါ့။ ဒါ့အပြင် လက်ရှိကုန်သွယ်မှုပြုနေတဲ့ ထိုင်း-မြန်မာ အမှတ် -၂ တံတားမှာ ကားကြပ်တဲ့ပြဿနာကရှိနေတော့ ပြောင်းဆန်သယ်ဖို့ ထိုင်းဘက်ကနေဝင် လာတဲ့ကားတွေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ ရှိနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။

မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များကို ယခင်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍  တရုတ်နိုင်ငံက အခွန်နှုန်းမြှင့်ထားခြင်းကြောင့် ထိုင်းနိုင်ငံသို့ ယခုလိုအလုံးအရင်းဖြင့် တင်ပို့နေကြခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ထိုသို့ထိုင်းနိုင်ငံဘက်သို့တင်ပို့ရာတွင် နှစ်နိုင်ငံ သဘောတူညီချက်အရ ဖေဖော်ဝါရီ ၁ ရက်မှသြဂုတ် ၃၁ ရက် နေ့ထိ အခွန်ကင်းလွတ်ခွင့်နှင့်တင်ပို့ခွင့်ရသော်လည်း စက်တင်ဘာ ၁ရက်နေ့မှ ဇန်နဝါရီ ၃၁ ရက်အတွင်း ထိုင်းနိုင်ငံ၌ ပြောင်းထွက်ချိန်နှင့်တိုက်ဆိုင်နေ၍ ထိုင်းအစိုးရက အခွန်နှုန်းကို ၇၀ ရာခိုင်နှုန်းကျော်တိုးမြှင့် ထားခြင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့နိုင်ခြင်း မရှိကြောင်း သိရသည်။

လက်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ထိုင်းဘက်သို့ ပို့ကုန်အနေဖြင့် ပြောင်းဆန်များကို အများဆုံးတင်ပို့နိုင်သလို မြေပဲ၊ ငရုပ် ၊ကြက်သွန် အစရှိသည့် မြန်မာ့လယ်ယာထွက်ကုန်များကို အလုံးအရင်းဖြင့် တင်ပို့လျက်ရှိသည်။

ယင်းကဲ့သို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို ထိုင်းဘက်သို့ တင်ပို့ရာတွင် ထိုင်းက ၎င်းတို့၏ တောင်သူများ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့် အခွန်နှုန်းထားပြောင်းလဲကောက်ခံခြင်း များရှိသော်လည်း ထိုင်းကုန်ပစ္စည်း ပေါင်းများစွာတို့ကို မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် ကားအစီးရေ ၅၀၀ ကျော်တင်သွင်းနေသော်လည်း မြန်မာဘက်ခြမ်းက မည်သည့်ကုန်ပစ္စည်းကိုမျှ အခွန်နှုန်းတိုးမြှင့်တင်ထားခြင်း မရှိကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...