ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာလိုအပ်နေ

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာလိုအပ်နေ

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးသည့်အတွက် လတ်တလောတွင် စားဝတ်နေရေး အခက်အခဲများရှိလာကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေဘုန်းကြီးကျောင်း၊ ဂန္ဓာရီပရဟိတကျောင်း၊ မြောင်းနားစစ်ဘေးရှောင်စခန်း၊ လမ်းမဘုန်းတော်ကြီးကျောင်းနှင့် မြတောင်ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ယင်းသို့ အခက်အခဲများရှိနေကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာမှ မြတောင်ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ရန် ရောက်ရှိ နေသည့် ကိုမောင်ခင်ညွန့်က “ကျနော်တို့ ဒီစခန်းကိုရောက်လာတာ ၁ နှစ်ကျော်လောက်ရှိပြီ။ ထွက်ပြေးလာတာ ကတော့ ကျနော်တို့ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်၊ ရွာထဲကို လက်နက်ကြီးကျည်တွေကျတယ်။ ကိုဗစ်ရောဂါမဖြစ်ခင်ကတော့ အပြင်ထွက်ပြီးတော့ အလုပ်လုပ်ကြတယ်။ အခုက ကိုဗစ်နဲ့ဆိုတော့ အလုပ်လည်းမလုပ်ရဘူး။ အလှူရှင်တွေကလည်း မရောက်တော့ စားဝတ်နေရေးတွေ အခက်ခဲရှိတာပေါ့” ဟု ဆိုသည်။

မြတောင်ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ်မှ စည်တောင်၊ စေတီတောင်၊ ကွမ်းတောင်နှင့် ရသေ့တောင်မြို့နယ်မှ အိုးဖောက်၊ သမီးလှ၊ ရေကောင်းချောင်း စသည့် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

အလားတူ စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော်ခိုလှုံနေသည့် ဂန္ဓာရီပရဟိတကျောင်းမှ ဆရာတော် ဦးအာဒိစ္စက “စစ်ဘေးရှောင်တွေမှာက အခက်ခဲတွေအများကြီးရှိတယ်။ အခုက ဆောင်းရာသီဆိုတော့ စစ်ဘေးရှောင်တွေမှာ စောင်တွေ၊ အဝတ်ထည်အစ အခက်အခဲတွေရှိတယ်” ဟု မိန့်သည်။

အဆိုပါ ဂန္ဓာရီပရဟိတကျောင်းတွင် ဘူးသီးတောင်မြို့နယ် ကမ်းခြေချောင်း၊ မြို့ချောင်း၊ ရွာသစ်၊ ရွာဟောင်း စသည့်ကျေးရွာများမှ ကျေးရွာသားများ စစ်ဘေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

ထို့အပြင် ရန်အောင်မြေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာတော်ဦးဣန္ဒဝံသက “ကိုယ်တော်တို့ စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးတွေ အခက်ခဲတွေရှိတယ်။ အခုက နွေရာသီဆိုတော့ စစ်ဘေးရှောင်တွေက ထင်းခုတ်ပြီးတော့ ရှာဖွယ်စားသောက်လို့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ အခြား အသုံး အဆောင်ပစ္စည်းတွေ၊ နေထိုင်ရတာတွေက အဆင်မပြေဘူး။ ဆောက်ထားတဲ့ အိမ်တွေကလည်း ပျက်လုနီးပါး ဖြစ်နေပြီ” ဟု မိန့်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ်အတွင်းမှ သရက်ပြင်၊ ကြာညိုပြင်၊ နွားရုံတောင်၊ ဥယျာဉ်သာ၊ ကွမ်းတောင်၊ စပါးထား၊ စံဂိုးတောင်၊ ကံပြင်စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ၇၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသည့်စစ်ဘေးရှောင်ဦးရေမှာ တစ်သိန်းရှစ်သောင်းကျော်ရှိနေကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံး (REC)၏ ဇန်နဝါရီလ ၁၂ နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...