ရခိုင်တွင် စစ်ဘေးရှောင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရချို့တဲ့မှု ကြုံနေရ

ရခိုင်တွင် စစ်ဘေးရှောင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရချို့တဲ့မှု ကြုံနေရ
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)

ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ များကြောင့် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရပြီး အချို့မှာ ကျန်းမာရေး ချို့တဲ့မှုများအထိ ရှိလာနေကြောင်း ဒေသခံများက ပြောသည်။

အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အကူအညီရရှိမှု နည်းပါးခြင်းတို့ကြောင့် စစ်ဘေးရှောင်များ သည် စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရသည်။ ထိုသို့သော အခက်အခဲများကြောင့် စစ်ဘေးရှောင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် အစာအာဟာရများကို လုံလောက်စွာ မစား သုံးရသဖြင့် အာဟာရချို့တဲ့မှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

ကျောက်တော်မြို့တွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင် ဒေါ်ညိုညိုသန်းက “အာ ဟာရမျှတအောင် စားရတယ် ဆိုတာကလည်း ပိုက်ဆံအပေါ် မှုတည်တာပေါ့။ ပိုက်ဆံက အများကြီးမရတော့ မိသားစုစားဝတ်နေရေးနဲ့ ချင့်ချိန်ပြီး အာဟာရပြည့်ဝအောင် မစားနိုင် မသောက်နိုင် ဖြစ်နေတယ်။ ကိုယ် တစ်ယောက်တည်း စားရမှာက မဟုတ်ဘူး။ သားသမီးတွေ အတွက်လည်း ငဲ့ရတဲ့ အခြေနေတွေ ရှိတယ်” ဟု ပြောသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုယ်ဝန်ဆောင်မိခင်များမှာ ၄ လတစ်ကြိမ် ငွေကြေး ထောက်ပံ့မှုများ ရရှိ သော်လည်း အဆိုပါ ငွေကြေးများကို မိသားစု စားဝတ်နေရေးနှင့် ကျန်းမာရေးကဏ္ဍများ၌သာ အဓိက အသုံးပြုနေရသည်။

စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေရသည့် အခြေအနေတွင် မိသားစု ဝမ်းဝရေးအတွက် ဖြစ်သလို ကြံဖန်စားသောက်နေရသဖြင့် ကလေးငယ်များမှာလည်း အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း စစ်ဘေး ရှောင်များက ဆိုသည်။

“ဒီနေ့ ငါးနဲ့ စားရင် နောက်နေ့ဆိုရင် ဟင်းနဲ့ စားရတယ်။ အဲဒီလိုပဲ လောက်ငှအောင် လုပ်ပြီးတော့ စားရတယ်။ ပိုက်ဆံမရှိတဲ့‌ အခါတွေဆိုရင် သူများတွေဆီက ချေးငှားပြီးတော့ သုံးရတယ်။ သူများတွေမှာ ကိုယ့်အတိုင်း အတာနဲ့ ကိုယ် ပေးနိုင်ကြပေမဲ့ ကျမ သမီးလေးက ဒီနေ့စားရင် နောက်နေ့ မစားရတော့ အာဟာရပြည်ဝမှု မရှိပါဘူး” ဟု စစ်တွေမြို့နယ်မှ ကျောက်တော်မြို့နယ်သို့ စစ်ဘေးရှောင်လာသူ ဒေါ်အေးလှနုက ပြောသည်။

စစ်ဘေးရှောင် ကလေးငယ် အများအပြားမှာ ထမင်းကို အသား၊ ငါးများဖြင့် မစားရသည့်အပြင် ဖြည့်စွက် အာဟာရ မုန့်ပဲသရေစာများလည်း မစားသောက်ရသဖြင့် အာဟာရဓာတ် ချို့တဲ့မှုကို ခံစားနေကြရသည်။

သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ကလေးငယ်များမှာလည်း အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အချို့မှာ ကျန်းမာ ရေး ချို့တဲ့သည်အထိ ဖြစ်လာကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသူများက ပြောသည်။

“စစ်ဘေးရှောင်တွေ အများစုက ငါးတို့၊ အသားတို့လို တခြားဖြည့်စွက် အစားစာတွေ မကျွေးနိုင်တော့ ကလေး တွေက ပုံမှန်ထက် ကိုယ်ခံအား ကျပြီး ကျန်းမာရေးလည်း ချို့တဲ့လာတာ တွေ့ရတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာမျိုးလည်း ကျွေးဖို့ မတတ်နိုင်ကြဘူး။ တချို့ စစ်ဘေးရှောင် လသားအရွယ်တွေဆို မိခင်က နို့ လုံလောက်အောင် မတိုက်နိုင်သလို နို့မှုန့် ဝယ်ဖို့အတွက် မတတ်နိုင်တာတွေလည်း ရှိတယ်” ဟု လူမှုကူညီရေး ဆောင်ရွက်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန် ထောက်ပံ့မှုများ ရရှိသော်လည်း လုံလောက်မှု မရှိသဖြင့် စားဝတ်နေရေး အခက်အခဲများကို ဆက်လက် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် စစ်ဘေးရှောင်စခန်းများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အာဟာရ ပြည့်ဝစွာ စားသောက်နိုင်ရေး အတွက် ကူညီထောက်ပံ့မှုများ ပေးကြရန် စစ်ဘေးရှောင်များက တောင်းဆိုလျက်ရှိသည်။

ရခိုင်ပြည်တွင် စစ်အုပ်စုတပ်၏ စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူ ဦးရေ ၅ သိန်းကျော် ရှိလာနေ ပြီး အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူ ၄ သန်းကျော် ရှိပြီး ကလေးငယ် ၄ သိန်းနီးပါးမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်နေရသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...