SNLDနှင့် အာဏာရပါတီ NLD တွေ့ဆုံရန် နေရာညှိနှိုင်းနေဆဲ

SNLDနှင့် အာဏာရပါတီ NLD တွေ့ဆုံရန် နေရာညှိနှိုင်းနေဆဲ

နန်းဆိုင်ဖူး — ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ နှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံရန် နေရာ ညှိနှိုင်းနေကြောင်းသိရသည်။

“SNLD ရဲ့အဆင့်မြင့် ပုဂ္ဂိုလ် နဲ့ NLD ရဲ့ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုပြီးမှ အဲ့ဒီကနေ SNLD ရဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ သူတို့ ကိုယ်စားလှယ်အဖွဲ့ ဘယ်နေ့ ဘယ်နေရာမှာ တွေ့မယ်ဆိုတဲ့ အစီစဉ် အသေးစိတ် ထွက်လာမှာဖြစ်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

SNLD နှင့် NLDတွေ့ဆုံရာတွင် NLDရုံးတွင် မဟုတ်ဘဲ ပြင်ပ တတိယနေရာ တနေရာတွင်တွေ့ကြမည် ဟု သိရသည်။

လက်ရှိမှာလည်း SNLD ၏ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ဝင်များသည် တောင်ကြီးမြို့ တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီ (၁၃) ရက် ညနေပိုင်းတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၃) ဦးသည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) နှင့် တအောင်း အမျိုးသားပါတီ(TNP) တို့ကို တောင်ကြီးမြို့ NLD ရုံးခန်းတွင် တွေ့ဆုံခဲ့သည်။

ထို့အပြင် SNLDနှင့် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၃)ဦးတို့သည် ယနေ့ (ဇန်နဝါရီ ၁၄)ရက် ညနေ ၄နာရီတွင် တောင်ကြီး NLDရုံး၌ တွေ့ဆုံမည် ဖြစ်ကြောင်း NLD မှ ဒေါက်တာ အောင်မိုးညို က ယမန်နေ့ တွင် မီဒီယာများကို ပြောဆိုခဲ့သည်။

အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့စည်းရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် မွန်ပြည်နယ် မွန်ညီညွှတ်ရေးပါတီ (MUP) ပါတီတို့အား တွေ့ဆုံဆွေးနွေးရန် သွားခဲ့သော်လည်း နေရာ ညှိနှိုင်းမှု မပြေလည်သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပျက်ခဲ့ရခြင်းသည်လည်း NLDရုံးခန်းတွင် တွေ့ဆုံကြရန် ချိန်ဆိုရာ ဒေသခံ တိုင်းရင်းသားပါတီ များဖြစ်သည့် KySDP နှင့် MUP တို့မလာနိုင်ကြောာင်း၊ တတိယနေရာတွင်သာ တွေ့ရန် ပြောဆိုခဲ့ရာ ညှိနှိုင်းမရခဲ့သဖြင့် ဆွေးနွေးပွဲ ပျက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ SNLDနှင့် NLDတို့သည် တတိယနေရာ တွင် မတွေ့ဆုံးနိုင်ပါက တွေ့ဆုံ ညှိနှိုင်းမှု ဆက်လက် ပျက်သွားကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုဝေဖန်ကြသည်။

ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း ပါတီချင်း တွေ့ဆုံသည့် ပုံစံမဟုတ်သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

NLD ဘက်မှ အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသား ပါတီများကို ဖိတ်ခေါ်ရန်၊ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို နှင့် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့က ပြည်နယ် အသီးသီးရှိ အနိုင်ရ ပါတီများကို သွားရောက်တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...