တောင်ကုတ်တွင် ပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံအတွက် ရန်ပုံငွေ ရှာဖွေရေး လူပ်ရှားမှု စတင်ပြုလုပ်

တောင်ကုတ်တွင် ပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံအတွက် ရန်ပုံငွေ ရှာဖွေရေး လူပ်ရှားမှု စတင်ပြုလုပ်
by -
နိရဥ္စရာ
တောင်ကုတ်မြို့တွင် ကျင်းပမည့် ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးအတွက် စည်းရုံးရေးနှင့် ရန်ပုံငွေရရှိရေး လှုပ်ရှားမှုကို စစ်တွေမြို့တွင် စတင် ပြုလုပ်လျှက်ရှိသည်။

၎င်းလူပ်ရှားမှုကို ရခိုင်အဆိုတော်များ၏ အကူအညီဖြင့် ဂီတဖျော်ဖြေမှုများ ပြုလုပ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ပွိုင့်မှာ သီချင်းတိုက်ရာကနေ ဒီအစဉ်အစဉ်ကို ပြုလုပ် ဖြစ်ပါတယ်။ ညနေ ၆ နာရီခွဲကနေ ရ နာရီခွဲလောက်ထိ လုပ်တဲ့အခါမှာ လူတွေက အလှူငွေတွေ ထည့်ဝင် လာကြတာကို တွေ့ရပါတယ်။ မနေ့ညနေက တစ်နာရီလောက် ဖျော်ဖြေတဲ့အခါမှာ အလှူငွေ ကျပ် ၁ သိန်း ၂ သောင်းကျော် ရရှိခဲ့တဲ့အတွက် အလားအလာ ကောင်းခဲ့ပါတယ်”ဟု ရခိုင် လူငယ် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုကျော်မင်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သီဆို ဖျော်ဖြေရာ၌ ရခိုင်ဂီတ အစည်းအရုံးမှ ပူးပေါင်းပါ၀င်မှုကို ရရှိနေပြီး ရခိုင်အ ဆိုတော်များ ဖြစ်ကြသည့် သန်းဆွေ၊ ခိုင်ကျော်လင်း၊ မျိုးရခိုင်၊ ဇင်မာထွန်း၊ ၀င်းနန္ဒာကျော်နှင့် စစ်တွေ အခြေစိုက် ရခိုင် အဆိုတော်များ လာရောက်သီဆိုခဲ့ကြသည်ဟု ဆိုသည်။

သီချင်းသီဆိုခြင်းအပြင် ကဗျာရွတ်ဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပြီး လာရောက်ကြည့်ရှုသူများက အလှူငွေများကို ထည့်ဝင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

“ဒီရခိုင်လူငယ် ညီလာခံဖြစ်မြောက်ရေးဟာ ညီလာခံဖြစ်မြောက်ကော်မတီ သက်သက်နဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရခိုင်ပြည်သူတွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါ၀င်ဖို့ လိုအပ်ပါတယ်။ ရခိုင်လူငယ်တွေဟာ ရခိုင့်အနာဂတ်ဖြစ်တဲ့အတွက် လူငယ်တွေကို အလေးထားကြတာဟာ ရခိုင့်အနာဂတ်ကို အလေးထားကြတာပဲဖြစ်ပါတယ်”ဟု ကိုကျော်မင်းနိုင်က ဆက်ပြောသည်။

ဧပြီလ ၃ ရက်နေ့က ဂီတဖျော်ဖြေပွဲပြုလုပ်ရာတွင် နံနက်ပိုင်းတွင် ဦးဥတ္တမပန်းခြံရှေ့၌လည်းကောင်း၊ ညနေပိုင်းတွင် လောကနန္ဒာအနီး ခွဆုံ၌လည်းကောင်း ပြုလုပ်ခဲ့ကြသည်။

ရခိုင်လူငယ် ညီလာခံဖြစ်မြောက်ရေးအတွက် အလားတူ ဂီတဖျော်ဖြေမှုများကို ရခိုင်ပြည်နယ် စစ်တွေမြို့၌သာမက ၁၇ မြို့လုံး၌ ပြုလုပ်သွားမည်ဟု ဆိုသည်။

“ အနာဂတ် ရခိုင်ပြည် ငါရို့လက်တွဲ ထုဆစ်မေ” ဆောင်ပုဒ်ဖြင့် ရခိုင်လူငယ်ညီလာခံကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ၂၀၁၇ ခု ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...