ရဲမှ ဖမ်းဆီးထားစဉ် ပြည်သူ တစ်ဦး ကျောက်တော်နယ်တွင် သေဆုံး

ရဲမှ ဖမ်းဆီးထားစဉ် ပြည်သူ တစ်ဦး ကျောက်တော်နယ်တွင် သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦးကို ရဲကဖမ်းဆီး ထိန်းသိမ်း ထားစဉ် အဖမ်းခံရသူမှာ သေဆုံးသွားသည်ဟု အပေါက်ဝရဲစခန်းနှင့် ဒေသခံများထံမှ သိရသည်။

အပေါက်ဝကျေးရွာ ပေါ်တော်မူရပ်ကွက်မှ ကျပန်းလုပ်ကိုင်သူ ဦးမောင်ကျော်လှိုင် (၄၈ နှစ်ခန့်)သည် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ရပ်ကွက်သူ/သားများ၏တိုင်တန်းချက်အရ အပေါက်ဝရဲစခန်းမှ လှည့်ကင်းအဖွဲ့က ဧပြီလ ၃ ရက်နေ့ညက လိုက်လံဖမ်းဆီး၍ စခန်းသို့ခေါ်ဆောင်လာရာ လမ်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

“အဲဒီနေ့ည ၁ဝ နာရီလောက်မှာ ကျနော့်ကို ရဲစခန်းက လာခေါ်တယ်။ ကျနော်စခန်းကိုရောက်သွားတော့ စခန်းမှူးက ပြောတယ်။ အဖမ်းခံရသူ ဆေးရုံမှာဆုံးသွားပြီလို့။ အဆိပ်သောက်သေသွားတယ်လို့ပြောတယ်။ အဆိပ်သောက်/မသောက်လည်း ဘယ်သူမှမပြောနိုင်တော့ ကျနော်လည်း အတိအကျမသိဘူး။ သေသွားတာတော့ ဟုတ်တယ် “ဟု ပေါ်တော်မူရပ်ကွက်မှ ရပ်ကွက်လူကြီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

သေဆုံးသွားသူ ဦးမောင်ကျော်လှိုင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက အပေါက်ဝကျေးရွာတောင်ဘက်ရှိ ဦးစွန်းတောင်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးကို အိမ်သို့ခေါ်တင်လာရာ ရပ်ကွက်သူ/သားများက မကျေနပ်၍ ရပ်ကွက်လူကြီးများထံတိုင်တန်းမှုဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

ယင်းနောက် ရပ်ကွက်လူကြီးများက အဆိုပါအမျိုးသမီးငယ်၏မိဘကိုခေါ်ကာ ကျေနပ်ပေးရန် တောင်းဆိုမှုကြောင့် အမျိုးသမီးငယ်မိဘကလည်း သူတို့၏သမီးကိုပြန်လည်ခေါ်ဆောင်သွားခဲ့သည်ဟု ရပ်ကွက်လူကြီးက ပြောသည်။

ရပ်ကွက်လူကြီးများ၏ထိုသို့ဖြေရှင်းပေးမှုအပေါ်မကျေနပ်၍ ဦးမောင်ကျော်လှိုင်သည် အခင်းဖြစ်ပွားသည့် နေ့က ဓားမြှောင်တစ်ချောင်းကိုင်ကာ ရွာထဲသို့ဝင်သွားရာ ရွာအတွင်း အမှုတစ်ခုခုကျူးလွန်မည်ကို စိုးရိမ်သည့် အတွက် သူ့အား ထိန်းသိမ်းပေးရန် ဒေသခံများက ရဲစခန်းကိုဖုန်းဆက်အကြောင်းခဲ့သည်ဟု အပေါက်ဝရဲစခန်းမှူး ရဲအုပ်ဌေးဇော်က နိရဥ္စရာသို့ပြောသည်။

“ကျနော်တို့စခန်းကလှည့်ကင်းအဖွဲ့က သူ့ကို အဲဒီည လိုက်ရှာတဲ့အခါ ရွှေဖြူရွာ (အပေါက်ဝ လူငယ် ဖွံ့ဖြိုးရေး ပရဟိတကျောင်းအနီး)မှာ တွေ့လို့ ဖမ်းဆီးခေါ်လာတဲ့အခါ ပေါ်တော်မူ ဘုန်းကြီးကျောင်းနားကို ရောက်တဲ့အခါ အလိုလိုလဲကျသွားပါတယ်။ ကျနော်တို့လှည့်ကင်းအဖွဲ့ကလည်း ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံမှာ ဆေးသွင်းထားတဲ့အချိန်ထိ အသက်ရှိသေးတယ်။ ခဏနေတော့ သူ ဆုံးသွားတာပဲ”ဟု စခန်းမှူး ရဲအုပ်ဌေးဇော်က ပြောသည်။

ဖမ်းဆီးခံရသူသေဆုံးသွားခြင်းမှာ ရဲက နှိပ်စက်စဉ် လက်လွန်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြားသော်လည်း နိရဥ္စရာ သတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။

ယင်းသို့သံသယဖြစ်နေခြင်းနှင့်ပတ်သက်ပြီး အပေါက်ဝရဲစခန်းမှူး ရဲအုပ်ဌေးဇော်က “သူလဲကျသွားတော့ ပါးစပ်က အမြှုပ်ထွက်လာပြီး အဆိပ်တစ်မျိုးဖြစ်တဲ့ ပိုတက်လို အနံ့ရတယ်။ ကျနော်တို့ ဖမ်းလာတာကို စိုးရိမ်လို့များ အဆိပ်စားလိုက်တာလား၊ ရှက်လို့များ စားလိုက်တာလားဆိုတာတော့ မပြောတတ်ဘူး။ ကျနော်တို့ သူ့ကို ရိုက်တာလည်း မရှိဘူး။ ပုတ်တာလည်း မရှိဘူး “ဟု နိရဥ္စရာသို့ပြောသည်။

သေဆုံးသွားသူတွင် ပြင်ပဒဏ်ရာတစ်စုံတရာမျှမတွေ့ရသော်လည်း အဆိပ်သောက် သေဆုံးသွားခြင်း ဟုတ်/မဟုတ်ကို သိရှိနိုင်ရန် သေဆုံးသူ၏အစာအိမ်မှ အရည်ကို ဓာတ်ခွဲစမ်းသပ်ရန် ရန်ကုန်သို့ ပို့ဆောင်ထားသည်ဟုလည်း အပေါက်ဝတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာနေလင်းထွန်းက နိရဥ္စရာသို့ ပြောသည်။

“အမြှုပ်ထွက်တဲ့ပုံစံကတော့ မတွေ့ရဘူး။ အနံ့တော့ ရတယ်ပေါ့။ အနံ့ရတယ်ဆိုတာက မသေချာဘူးပေါ့။ လူတစ်ယောက်က ကိုင်ပြီးတော့ထိန်းသိမ်းထားတယ်ဆိုရင်လည်း အနံ့က ထွက်တာကိုး။ စားတယ်၊ မစားတယ်ဆိုတာကို ကျနော်တို့က အစာအိမ်ထဲမှာရှိ/မရှိ၊ အပေါ့အိမ်မှာရှိ/မရှိဆိုတာကို စစ်ဆေးဖို့ ရန်ကုန်ပို့ထားပါတယ် “ဟု ဒေါက်တာ နေလင်းထွန်းက ဆိုသည်။

ယခုသေဆုံးသွားသူမှာ ယခင်ကလည်း လူမှုရေးဖောက်ပြန်ဖူးသူတစ်ဦးဖြစ်သည့်အတွက် အပေါက်ဝရဲစခန်းတွင် မကြာမကြာခေါ်ယူသတိပေးခံထားရသူဖြစ်သည်ဟုလည်း အပေါက်ဝရဲစခန်းမှ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိဟုလည်း သေဆုံး သွားသူ၏ သမီးဖြစ်သူက နိရဥ္စရာသို့ပြောသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...