မြန်မာနိုင်ငံ ကျောက်စိမ်းမြေက အသံတိတ်အမတ်များ

မြန်မာနိုင်ငံ ကျောက်စိမ်းမြေက အသံတိတ်အမတ်များ

စည်သူ(မြစ်ကြီးနား)— ကချင်ပြည်နယ် ဖားကန့်ဒေသသည်ပြဿနာပေါင်းများစွာဖြင့် ရင်ဆိုင်နေရသော်လည်း ယင်းဒေသမှ ပြည်ထောင်စုလွှတ်တော်အမတ်များ၏ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ချက်များမှာ မေးခွန်းထုတ်စရာများနှင့် ပြည့်နှက်လျက်ရှိသည်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာနေရာဖြစ်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သည် ကျောက်မျက်ဥပဒေကို မျက်ကွယ်ပြုလုပ်ကိုင်ခြင်းများအပြင် လက်နက်ကိုင်ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ကုမ္ပဏီနှင့် ရေမဆေးသမားများကြားက ပြဿနာများနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းများစသဖြင့် ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရသော ဒေသတစ်ခုဖြစ်သည်။

ယင်းပြဿနာများကြောင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးများအပေါ် အနည်းနှင့်အများဆိုသလို သက်ရောက်မှုများရှိနေသဖြင့် ထိုပြဿနာများကိုဖြေရှင်းရန် အစိုးရနှင့် လုံခြုံရေးတာဝန်ယူထားသော အာဏာပိုင်များတွင် တာဝန်ရှိသည့်နည်းတူ ပြည်သူများက ရွေးကောက်တင်မြောက်ထားသည့် အမတ်များ၌လည်း တာဝန်ကင်းမည်ဟုမထင်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စုစုးပေါင်း လေးဦးကို ဒေသခံပြည်သူများက မဲပေးရွေးချယ်ခဲ့ကြသည်။

ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလအောင်၊ ဖားကန့်မြို့ နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ထွက်ပေါ်လာသည့် အမတ်များအနက် ပြည်နယ်လွှတ်တော်အမတ်များသည် လွှတ်တော်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဆိုနှင့် ကြယ်ပွင့်ပြမေးခွန်း တော်တော်များများကို မေးမြန်းတင်သွင်းခြင်းများ အတန်အသင့်ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုအမတ်နှစ်ဦးအနေဖြင့် လက်ရှိလွှတ်တော်သက်တမ်းအတွင်း အဆိုတင်ခြင်း၊ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းများ မရှိသလောက်နည်းခဲ့ပါးခဲ့ပြီး ကြယ်ပွင့်မပြ မေးခွန်း (စာနှင့်မေး၊စာနှင့်ဖြေ) ၁၀၀ ခန့် မေးမြန်းခဲ့သည်ကို တွေ့ရသည်။

ပြည်ထောင်စုလွှတ်တော်အမတ်များအနေဖြင့် မေးခွန်းမေးခြင်း၊ အဆိုတင်ခြင်းနှင့် ထောက်ခံဆွေးနွေး ခြင်းများကို ငါးနှစ်တာကာလအတွင်း နှစ်ဦးပေါင်း ၂၀ ခန့်သာ လုပ်ဆောင်ခဲ့ပြီး ယင်းတို့ထဲတွင် ထောက်ခံဆွေးနွေးခြင်းက မေးခွန်းမေးခြင်းနှင့် အဆိုတင်ခြင်းတို့ထက်ပိုမိုများပြားနေသည်။

ဖားကန့်ဒေသသည် လက်နက်ကိုင်အများစုရှိနေပြီး တရားဥပဒေစိုးမိုးမှုမရှိသည့် နေရာဖြစ်ကြောင်းနှင့် အချို့ကိစ္စရပ်များတွင် မေးခွန်းမေးမြန်းခြင်းထက် မြေပြင်၌ လက်တွေ့ညှိနှိုင်းလုပ်ဆောင်ခြင်းက ပိုမိုထိရောက် အောင်မြင်သည့်အတွက် မြေပြင်တွင်သာ ဖြေရှင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း လွှတ်တော်အတွင်း မေးခွန်းမေးခြင်းနှင့် အဆိုတင်ခြင်းများ နည်းပါးခဲ့ရခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ရှင်းလင်းသည်။

“နယ်မြေ လုံခြုံရေးကို အဓိက ဆောင်ရွက်နေတာ ဒီအဖွဲ့အစည်း (လက်နက်ကိုင်) တွေပဲ ဖြစ်တဲ့အခါကျတော့ သွားမေးလည်း၊ အဆိုတွေ တင်သွင်းလည်း လက်တွေ့ဆောင်ရွက်လို့ရတဲ့ကိစ္စ မဟုတ်တဲ့အတွက် ဒါတွေနဲ့ ပတ်သက်ပြီး မေးလည်းမမေးဘူး။ အဆိုလည်း မတင်ဘူး။ တင်လို့လည်း မရဘူး။ ဖြစ်နိုင်တဲ့အတိုင်း အတာကို မြေပြင်မှာညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးတယ်။ ဒီလောက်ပဲ လုပ်လို့ရမယ်။ ကျောက်စိမ်းနဲ့ ပတ်သက်ပြီး မေးခွန်းမေးတာတွေ၊ အဆိုတင်သွင်းတာတွေတော့ ရှိပါတယ်။ ခိုးကျင်းနဲ့ ပတ်သက်ပြီး မေးခဲ့တာရှိတယ်။ ဒါပေမယ့် ဘာမှအရေးယူ ဆောင်ရွက်တာမှမရှိတာ။ တိုက်ရိုက်ပြောလည်း ဒီအတိုင်းပဲ ဖြစ်လာတဲ့အခါ မြေပြင်မှာပဲ တတ်နိုင်တဲ့ဖက်ကနေ ကျွန်တော်တို့ ဖြေရှင်းတာများပါတယ်” လို့ ဦးတင့်စိုးကပြောသည်။

ထို့ပြင် ပြည်သူ့လိုအပ်ချက်များနှင့်ပတ်သက်၍ အချို့ ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးကို တိုက်ရိုက် ပြောသော်လည်း အဆင်မပြေကြောင်း၊ မိမိတို့ဘက်ကတင်ပြခဲ့သော်လည်း အစိုးရက်မလုပ်နိုင်သော အခြေအနေ များနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် ဒေသတစ်ခုတည်းကိုဆောင်ရွက်၍မရပဲ အခြားလို အပ်သော နေရာများကိုလည်း လုပ်ဆောင်ရကြောင်း၊ အချို့ဝန်ကြီးဋ္ဌာနတွေကလည်း မေးခွန်းမေးမြန်းမည့်အစား ဋ္ဌာနနှင့် လွှတ်တောအမတ်များ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ခြင်းကို ပို၍သဘောကျကြောင်း ၎င်းက ဆက်လက် ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မေးခွန်းမေးမြန်းရုံတင်မကပဲ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်ပြီး အထူးသဖြင့် ဖားကန့်ဒေသ၏ မြေပြင်အခြေအနေအရ ကွင်းဆင်းဆောင်ရွက်ရန်ပိုမိုလိုအပ်ကြောင်း ၎င်းမြို့နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့် (ခ) ဦးချိုက ဖြည့်စွက်ပြောကြားသည်။

“တချို့ဟာတွေကို လွှတ်တော်ကနေ တိုက်ရိုက်မေးလို့ရှိရင် ဝန်ကြီးတွေကလည်း ရှောင်ထွက်သွားတာပေါ့။ ကြယ်ပွင့်မပြက သူတို့နဲ့ ညှိနှိုင်းဆွေးနွေးပြီး လုပ်ရင်လွယ်တာပေါ့ကွာ။ တချို့လည်း ကိုယ်လိုချင်တဲ့ဟာတွေ ကြယ်ပွင့်ပြမေးတာပေါ့။ ဒါပေမဲ့ လုပ်တဲ့ကိုင်တဲ့ နေရာမှာတော့ ဝန်ကြီးတွေက ကိုယ်တောင်းတဲ့ အရာကိုပေး တယ်။ ဒါပေမဲ့ မြေပြင်အခြေအနေမှာ အောက်ခြေအထိ လိုက်မလုပ်ရင် ပီပီပြင်ပြင်မပေါ်ဘူး”ဟု ဦးခင်မောင် မြင့်က ပြောသည်။

သို့သော်လည်း ဖားကန့်ဒေသနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်အမတ်များ၏ လွှတ်တော်တွင်း မေးခွန်းမေးခြင်း၊ အဆိုတင်ခြင်းနှင့် ထောက်ခံဆွေးနွေးခြင်းများကို ယခုလွှတ်တော်သက်တမ်းအတွင်း နှစ်ဦးပေါင်း ၂၀ ခန့်သာလုပ်ဆောင်ခဲ့ခြင်းသည် နည်းပါးလွန်းသည်ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲကိုကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်သုံးကြိမ်တိုင်ရှိပြီဖြစ်သည်။ ၂၀၁၀ တွင်တစ်ကြိမ်၊ ၂၀၁၅ တွင်တစ်ကြိမ်၊ ၂၀၂၀ တွင်တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ယခုပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင်လည်း ပြည်သူများက ရွေးချယ်ခဲ့သော လွှတ်တော်အမတ်များ အသီးသီးပေါ်ထွက်ခဲ့ပြီး ဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွက်လည်း ဒေသခံပြည်သူများက ၎င်းတို့ဆန္ဒအတိုင်းလွှတ်တော် အမတ်များကိုမဲပေးရွေးချယ်ခဲ့ကြသဖြင့် ယင်းမြို့နယ်၏ ပြည်သူ့လွှတ်တော်၌ ဦးအောင်ဟိန်းမင်းက လည်းကောင်း၊ အမျိုးသားလွှတ်တော်၌ ဦးခင်မောင်မြင့်ကလည်းကောင်း၊ဆားကန့်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် အမှတ် ၂ တို့၌ ဦးတင့်စိုးနှင့် ဦးလဆိုင်းကလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ၎င်းတို့ လေးဦးလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှပင်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲမှထွက်ပေါ်လာသည့် အမတ်များအနေဖြင့် အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးအပြင် ဖားကန့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သောအမတ်များအဖြစ် ဒေသခံပြည်သူများက မျှော်လင့်လျက်ရှိပြီး ယင်းမျှော်လင့်ချက်အတိုင်း ဖားကန့်ဒေသမှအမတ်များ လုပ်ဆောင်နိုင်မည်လားဆိုသည်မှာ လာမည့် လွှတ်တော်သက်တမ်းအတွင်း စောင့်ကြည်ရမည်သာဖြစ်သည်။

ဓာတ်ပုံ Credit-ဇော်မိုးထက်(ဖားကန့်)

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...