တပ်မတော်နှင့် AA နှစ်ဘက်ညှိနှိုင်းပြီးတိုက်ပွဲများရပ်တန့်ထားရုံမျှနှင့် ဥပဒေနှင့်ကိုက်ညီမူရှိပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု NLD ပြောခွင့်ရသူဆို

တပ်မတော်နှင့် AA နှစ်ဘက်ညှိနှိုင်းပြီးတိုက်ပွဲများရပ်တန့်ထားရုံမျှနှင့် ဥပဒေနှင့်ကိုက်ညီမူရှိပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု NLD ပြောခွင့်ရသူဆို

ဇော်ဝင်းဌေး — နှစ်ဘက် (ရက္ခိုင့်တပ်တော် AA နှင့်တပ်မတော်)ညှိနှိုင်းပြီး တိုက်ပွဲများရပ်တန့်ထားရုံမျှနှင့် ဥပဒေနှင့် ကိုက်ညီမှုရှိပြီးတရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်က ပြောဆိုသည်။

ရွေးကောက်ပွဲမကျင်းပခဲ့ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပရန်  ဇန်နဝါရီ (၇) နေ့က တပ်မတော်မှ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းစဉ်  ဒေါက်တာမျိုးညွှန့်က ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။  

“ ရခိုင်မှာ ရွေးကောက်ပွဲကျင်းပဖို့ နှစ်ဘက်ညှိနှိုင်းပြီး တိုက်ပွဲများ ရပ်တန့်ထားရုံမျှနဲ့ ဥပဒေနဲ့ ကိုက်ညီမူရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ဇန်နဝါရီ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အထဲတွင် နို်င်ငံသူ နိုင်ငံသား များ၏ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော် ကိုယ်စားလှယ် များမှ တစ်ဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများကို ဖော်ဆောင်နိုင်စေရေးတို့အတွက် ရွေးကော်ပွဲ ကျင်းပရန် ကျန်ရှိခဲ့သည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၉ မြို့နယ်နှင့် ရှမ်းပြည်နယ်မှ မိုင်းကိုင်း မြို့နယ်တို့တွင် ရွေးကောက်ပွဲများ စောလျင်စွာအမြန်ဆုံး ကျင်းပပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အလေးထား တိုက်တွန်းအပ်ပါကြောင်း ဖော်ပြပါရှိသည်။

ဒေါက်တာ မျိုးညွှန့်က “ ရွေးကောက်ပွဲပြန်လည်ကျင်းပလိုရင် ကြားဖြတ်ရွေးကောက်ပွဲသာ ကျင်းပနိုင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေအရ လွှတ်တော်တစ်ခု၏ ပထမဆုံးနှစ်နဲ့ နောက်ဆုံးနှစ်တွေမှာ ကျင်းပခွင့် မရှိတာကြောင့် ၂ဝ၂၂ နှစ်သာ ကျင်းပခွင့်ရှိပါတယ်။  အကယ်၍ စောစီးစွာ ကျင်းပလိုပါက လွှတ်တော်ကို ခေါ်ယူပြီးတော့ လွှတ်တော်မှာ ရွေးကောက်ပွဲဥပဒေကို အဆိုတင်ဆွေးနွေးပြီး  ပြင်ဆင်ပြီးတော့မှ ကျင်းပနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်း ဆက်ပြောသည်။

၎င်းပြင် ရွေးကောက်ပွဲကျင်းပချိန် လုံခြုံရေးကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်စေ ရွေးကောက်ပွဲမကျင်းပနိုင်မှုမှာ ရွေးကောက်ပွဲ မကျင်းပခင်ကတည်း ကြိုတင်သတ်မှတ်ထားသော မဲဆန္ဒနယ်မြေများနှင့် တူညီမှု မရှိဟု ဆိုသည်။

“ ရွေးကောက်ပွဲဥပဒေမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ အထွေထွေရွေးကောက်ပွဲသာ ရှိတယ်။ မကျင်းပခဲ့တဲ့ နေရာတွေကို နောက်ဆက်တွဲ ကျင်းပတာက မရှိဘူး။ အချို့သော မဲဆန္ဒနယ်တွေ၊ အချို့သော မဲရုံတွေမှာ မဲပေးတဲ့နေ့ လုပ်ငန်းစတင်ပြီးတော့ နောက်မှာမှ လုံခြုံရေးကြောင့် ဖြစ်စေ၊ သဘာဝ ဘေးအန္တာရာယ်ကြောင့် ဖြစ်စေ၊ မကျင်းပနိုင်တဲ့ နေရာတွေကို ပြန်လည် ကျင်းပတာဟာ အထွေထွေ ရွေးကောက်ပွဲ မကျင်းပခင် ကတည်းက မကျင်းပနိုင်ဘူးလို့ တစ်ခါတည်း ပယ်ထားတဲ့ ကိစ္စတွေနဲ့ မသက်ဆိုင်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မြို့နယ် (၉) ခုဖြစ်သည့် မောင်တော၊ ဘူးသီတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် လုံခြုံရေး အခြေအနေများကြောင့် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း မရှိပေ။

ရက္ခိုင့်တပ်တော် (AA) မှ ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲမကျင်းပခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပရန် နိုဝင်ဘာ ၁၂ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့ပြီး ၎င်းထုတ်ပြန်ချက်အပေါ် မြန်မာ့တပ်မတော်ကလည်း ကြိုဆိုခဲ့သည်။

ယင်းနောက်ပိုင်းမှ စပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်တန့်ကာ အခြေအနေ တည်ငြိမ်အေးချမ်းနေကြောင်း သိရသည်။ 

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...